George Yeo သည် မြန်မာပြည်ကို စေတနာနှင့် သံယောဇဉ်ရှိသည့်အတွက် NYDC တွင် ဒါရိုက်တာလုပ်သည်ဟုဆို

George Yeo သည် မြန်မာပြည်ကို စေတနာနှင့် သံယောဇဉ်ရှိသည့်အတွက် NYDC တွင် ဒါရိုက်တာလုပ်သည်ဟုဆို

ရန်ကုန်   ဇွန်   ၂၃ ။         ။ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) တွင် နိုင်ငံခြားသား George Yeo (ဂျော့ရိုး) က အမှုဆောင် ဒါရိုက်တာအဖြစ် ပါ၀င်ခြင်းအပေါ် ဝေဖန်မှုများထွက်ပေါ်နေရာ ထိုသူသည် မြန်မာပြည်ကို စေတနာနှင့် သံယောဇဉ် ရှိသည့်အတွက် တာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) ဒုက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေ(Mr.Serge Pun) ကပြောသည်။

ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ UMFCCI တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်း ဆွေးနွေးပွဲတွင် တက်ရောက်လာသူတစ်ဦးက Mr.George Yeo နှင့် ပတ်သက်၍ "ယုံရမလား"ဟု မေးမြန်းမှုကို ဦးသိမ်းဝေက တုံပြန်လိုက်ခြင်းဖြစ်သည်။

"ဂျော့ရိုးလိုပုဂ္ဂိုလ်တစ်ယောက်က ရန်ကုန်မြို့သစ်စီမံကိန်းဖွံ့ဖြိုးရေးကော်မတီရဲ့ Independent Director လာလုပ်တယ်ဆိုတာ ငွေဘယ်လောက်ရရ၊ မရရ မလိုတဲ့အလုပ်ဗျ၊ ခေါင်းရှုပ်တဲ့အလုပ်၊ တာဝန်ယူရမယ့်အလုပ်၊ နာမည်ပျက်မယ့်အလုပ်၊ အပြောခံရမယ့်အလုပ်၊ မြန်မာပြည်အပေါ်မှာ စေတနာရှိလို့လာလုပ်ပေးတာ" ဟု ဦးသိမ်းဝေက ပြောသည်။

"မြန်မာပြည် ၁၉၈၈ ခုနှစ် နောက်ပိုင်း၊ ဖွံ့ဖြိုးလာပြီ၊ နိုင်ငံခြားသားဝင်လာနိုင်ပြီ၊ တံခါးဖွင့်ပြီးတဲ့နောက်ပိုင်း တောက်လျှောက်သူက စင်္ကာပူဝန်ကြီးတစ်ပါးအနေနဲ့ မြန်မာပြည်နဲ့ အဆက်အသွယ်များစွာရှိလို့၊ မြန်မာပြည်အတွက် သံယောဇဉ်ရှိလို့ သူလုပ်ပေးတာ။ တော်ရုံတန်ရုံလူက လာလုပ်မပေးဘူး၊ ယုံရမလားဆိုတာတော့ ခင်ဗျားသဘောပဲဗျာ။" ဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC)၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေ (Mr. Serge Pun)က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဒေါ်နီလာကျော် ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC) တွင် ပြင်ပမှ သီးခြားလွတ်လပ်သော ဒါရိုက်တာအဖြစ် မြန်မာနိုင်ငံသားတစ်ဦးနှင့် နိုင်ငံခြားသား George Yeo ကို ခန့်အပ်ထားသည်။ NYDC ကို ဒါရိုက်တာဘုတ်အဖွဲ့မှ စီမံခန့်ခွဲ မည်ဖြစ်ပြီး၊ ယင်းအဖွဲ့သည် ကော်ပိုရေးရှင်း၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဆွေးနွေးညှိနှိုင်းပြီး ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါ၀င်စေရန် George Yeo အား ကိုယ်တိုင်သွားရောက်ဖိတ်ခေါ်ခဲ့ကြောင်း (NYDC)၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေ(Mr. Serge Pun) က ပြောသည်။ NYDC ကို အထူးကုမ္ပဏီအက်ဥပဒေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ မြို့သစ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံလုပ်ငန်းသည် ပျမ်းမျှအားဖြင့် အမေရိကန် ဒေါ်လာ၁.၅ဘီလီယံကျော် ကုန်ကျမည်ဟု မျှော်မှန်းထားသည်။ ထို့အပြင် အဆိုပါလုပ်ငန်းများတွင် မြို့နယ်အသေး ၅ ခု၊ တံတား ၂ စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလို မီတာရှိစက်မှုဇုန်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဆောက် အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်လုပ်သည့် စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သည် နိုင်ငံ၏စီးပွားရေး ဗဟိုအချက်အခြာဖြစ်နေပြီး နိုင်ငံ၏အမျိုးသား ဂျီဒီပီ ၂၆ ရာခိုင်နှုန်းရှိသည့် ငွေကျပ် ၁၉.၃ ထရီလီယံ ထုတ်လုပ်ပေးနေကြောင်း၊ ရန်ကုန်မြို ့၏ လူဦးရေသည် လာမည့် ၁၀ နှစ် တွင် ၁၀ သန်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး၊ တိုးပွားလာသည့် လူဦးရေကြောင့် အလုပ်အကိုင်၊ လူနေအိမ်နှင့် အခြေခံအဆောက်အဦးအပါအဝင် သန့်ရှင်းသောရေ ဖြန့်ဖြူးပေးဝေရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးနိုင်ရေးတို့အပေါ် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ UMFCCI တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်း ဆွေးနွေးပွဲတွင် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေ(Mr. Serge Pun)၊ ဦးခိုင်ဝင်း၊ ဦးရဲမြတ်သူ၊ ဦးဇေယျသူ၊ ဦးအောင်ချစ်ခင်တို့ ဆွေးနွေးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required