မအူပင်တွင် ကျောင်းဆရာမတစ်ဦးကို ခင်ပွန်းဟောင်းက ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

မအူပင်တွင် ကျောင်းဆရာမတစ်ဦးကို ခင်ပွန်းဟောင်းက ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

ရန်ကုန်၊ ဇွန်လ ၂၃ ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကန်လေးလုံးရွာမ၊ ခိုင်မေတ္တာလမ်းထိပ်၊ ကန်လေးလုံးဘုန်းကြီး ကျောင်းအနီး၌ ကျောင်းဆရာမတစ်ဦးအား ၎င်း၏ ခင်ပွန်းဟောင်းဖြစ်သူက ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း မအူပင်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ လူသတ်မှုမှာ ယနေ့ ဇွန်လ ၂၃ ရက်၊ နံနက်  ၁၁ နာရီခွဲခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ဆရာမမှာ အသက် ၂၆ နှစ်အရွယ်ရှိကာ မလတ်တိုကျေးရွာ၊ အ.ထ.က ကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

“ အခုကတော့ တိုင်ချက်ခေါက်တုန်းပဲဗျ။ ရင်တောင် မခွဲရသေးဘူး။ ရင်ခွဲရုံလည်း သွားရဦးမှာ။ လင်မယားချင်း ကွာရှင်းပြီးတော့ ဖြစ်ကြတာပေါ့။ ဒါပါပဲ။ တခြားကိစ္စတော့မရှိပါဘူး။ သူတို့က ပြီးခဲ့တဲ့လက ကွာရှင်းပြီးသား”ဟု မအူပင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောသည်။

ဆရာမအား ၎င်း၏ ကွာရှင်းထားသည့် ခင်ပွန်းဖြစ်သူက ခိုင်မေတ္တာလမ်းထိပ်၊ ကန်လေးလုံးဘုန်းကြီး ကျောင်းအနီး လမ်းပေါ်တွင် စောင့်ကာ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီးနောက် ဆရာမဖြစ်သူအား ဆေးရုံသို့ အချိန်မီပို့ဆောင်ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွား ခဲ့ပြီး ဆရာမအား ဓားဖြင့်ထိုးခဲ့သူ အမျိုးသားမှာ မအူပင်မြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်းသိရသည်။

လက်ရှိတွင်  ကျောင်းဆရာမ သေဆုံးမှုနှင့် ပတ်သက်ပြီး ၎င်းနှင့် ကွာရှင်းထားသည့် အမျိုးသားအား ဥပဒေနှင့်အညီအရေးယူနိုင်ရန် မအူပင်မြို့မရဲစခန်းတွင် အမှုဖွင့်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required