အစိုးရသိမ်းယူထားသည့် ပိုလျှံမြေကို ပြန်မပေးဘဲ သစ်ပင်စိုက်ပွဲတော် ပြုလုပ်မှု အမတ်ဝေဖန်

အစိုးရသိမ်းယူထားသည့် ပိုလျှံမြေကို ပြန်မပေးဘဲ သစ်ပင်စိုက်ပွဲတော် ပြုလုပ်မှု အမတ်ဝေဖန်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး နည်းပညာတက္ကသိုလ် တည်ဆောက်စဉ်က သိမ်းယူထားသည့် ပိုလျှံမြေပေါ်တွင် မန္တလေးတိုင်း အစိုးရအဖွဲ့က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်နေခြင်း ကိုဒေသခံတောင်သူများက ကန့်ကွက်နေသော်လည်း ဆက်လက်စိုက်ပျိုးနေခြင်းသည် တောင်သူများ၏ တင်ပြမှုကို ဥပက္ခာပြုခြင်းဖြစ်သည်ဟု ပုသိမ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက မဇ္ဈိမကိုပြောသည်။

ထိုနေရာသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် မပြုလုပ်ရန် ကန့်ကွက်ကြောင်း ဒေသခံတောင်သူများက ဇွန်လ ၁၀ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံ စာပို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တိုင်းအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာ အဆင့်ဆင့်ကို ဇွန်လ ၁၂ ရက်တွင် တင်ပြခဲ့သည်။ သို့သော် ဇွန်လ ၁၉ ရက်နှင့် ယနေ့ ဇွန်လ၂၃ရက်တို့တွင် ဆက်လက် စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက "အစိုးရအဖွဲ့အနေနဲ့ကတော့ ဒေသခံတောင်သူတွေရဲ့ ယုံကြည်မှု လျော့နည်းအောင် လုပ်နေတဲ့ ပုံစံဖြစ်နေတယ်။ ကျွန်တော်တို့ဘက်က ကြည့်ရင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ကလည်း ကျွန်တော်တို့ မဲဆန္ဒနယ်မြေမှာ တောင်သူတွေနဲ့ ကျွန်တော်တို့ကြား မျက်နှာပျက်ရတယ်။ ယုံကြည်မှုတွေ လျော့သွားတယ်။ အဲဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အလေးထားဖို့လိုတယ်။"ဟုပြောသည်။

မန္တလေးနည်းပညာတက္ကသိုလ် တည်ဆောက်ရန်အတွက် ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်း၊ လိမ်ပင်၊ ရန်ကင်းတောင်၊ ရွေးစုစသည့်ကျေးရွာ ၆ ရွာမှ လယ်ယာမြေဧက ရ၀၀ ကျော်သိမ်းယူခဲ့သည်။ သို့သော် အမှန်တကယ် ယနေ့အချိန်ထိ အသုံးပြုထားသည့် လယ်ယာမြေဧက ၂၀၀ခန့်သာရှိသည်။ ထို့ကြောင့် ပိုလျှံနေသည့် မြေပြန်လည်ရရှိရန် ယခင်အစိုးအဆက်ဆက်တွင် တောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သလို လက်ရှိအစိုးရ လက်ထက်တွင်လည်း တောင်းဆိုမှုများ ပြုလုပ်နေဆဲဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် ၎င်းမြေများကို ပြန်လည် စွန့်လွှတ်ပေးမည်ဟုဆိုထားသော်လည်း ယနေ့အချိန်ထိ ပြန်လည် မစွန့်လွှတ်သေးသည့်အပြင် ယခုလို မိုးရာသီသစ်ပင်စိုက်ပွဲတော်ပြုလုပ်ခြင်းသည်   ပြန်လည် မပေးလိုသည့်အတွက် ဖြစ်သည်ဟု မြေပြန်လည်ရရှိရေး တောင်းဆိုနေသူများကဆိုသည်။

အသက် ၈၀ အရွယ် ဦးချစ်လှိုင်က"သိမ်းခဲ့စဉ်ကလည်း ဘာမှမရဘူး။ ဒီအတိုင်း အသိမ်းခံရတယ်။ အခုချိန်ထိ ဘာမှ အသုံးပြုတာမရှိဘူး။ အဘတို့မြေ အဘတို့ပဲ ပြန်စိုက်ချင်တာလေ။"ဟုပြောသည်။ ဦးအောင်ကိုကလည်း"ပြန်ရဖို့ ဆက်တောင်းဆိုမယ်။ ဒါက မြေဦးတာပဲ။ ပြန်မပေးချင်လို့လို့မြင်တယ်။"ဟုပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက"ကျွန်တော်တို့ကတော့ ဒီမြေရရှိဖို့ အတတ်နိုင်ဆုံး ပြန်တောင်းဆိုပေးရမှာပေါ့။ လွှတ်တော်ကိုယ်စားလှယ် ဘောင်ထဲကနေပေါ့လေ။ တောင်သူက ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအစိုးရကိုယုံကြည်တယ်။ ထွန်တုံးတိုက်ပွဲတွေလုပ်တယ်။ အစိုရကတားတော့ ရပ်ပေးတယ်။ အစိုးရစကားကို တောင်သူက နားထောင်တယ်။ အခုဟာက တောင်သူ့စကားကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဥပက္ခာပြုတယ်။ လစ်လျူရှုတယ်။"ဟုပြောသည်။

တောင်သူများအနေဖြင့် စီမံကိန်းပိုလျှံနေသည့် လယ်ယာမြေကို အမြန်ဆုံး စွန့်လွှတ်ပေးရန် ဆက်လက်တောင်းဆိုမှုများ ပြုလုပ်သွားမှာဖြစ်သလို သစ်ပင်စိုက်ပျိုးပွဲတော် ခေါင်းစဉ်တပ် ဝင်ရောက် စိုက်ပျိုးနေခြင်းကိုလည်း ဆက်လက် မစိုက်ပျိုးရန် ကန့်ကွက်သွားမည် ဖြစ်ကြောင်း တောင်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly