ထိုင်းရှိ မြန်မာအလုပ်သမားများ CI စာအုပ် ကိုယ်တိုင်လာရောက်လုပ်သူ နည်းပါး

.

မြ၀တီကျောက်လုံးကြီးစခန်းတွင် CI စာအုပ်အတွက် လာရောက်ကြစဉ်။

ဇွန်လ ၂၂၊ မြ၀တီ ။           ။ ထိုင်းနိုင်ငံတွင် လာမည့် ဇွန်လကုန်မှ စတင်ကာ CI စာအုပ်ကဲ့သို့သော အထောက်အထားများ မရှိပါက မြန်မာအလုပ်သမားများကို ဖမ်းဆီးတော့မည် ဖြစ်သော်လည်း အများစုက ပွဲစားများကိုသာ အားကိုးပြီး စာအုပ် လုပ်ဆောင်နေရကြောင်း သိရသည်။

“ အလုပ်သမားတွေကိုယ်တိုင်သွားရင် ၀င်ခွင့်မရဘူး။ တန်းစီလည်း မရဘူး။ နောက်ဆုံး ပြန်လှည့်လာရတယ်။ ပွဲစားနဲ့ ၀င်တဲ့သူတွေပဲ မနက်အစောကြီးရောက်လာတဲ့သူတွေထက် အရင်ရသွားတယ်၊ အလုပ်သမားတွေ စိတ်ထဲ စွဲသွားတာက ပွဲစားနဲ့လုပ်မှရမယ်ဆိုတာပဲ။ ကိုယ်တိုင်လုပ် တန်းစီစနစ်က မအောင်မြင်သေးဘူး ” ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AACမဟာမိတ်အဖွဲ့(ယာယီဖျက်သိမ်း)မှ ကိုရဲမင်းက ပြောသည်။

နိုင်ငံသား စီစစ်ခြင်းလုပ်ငန်း များဖြစ်သော Certification of Identity (CI) စာအုပ် နှင့် Work permit Visa များကို လာမည့် ဇွန်လ ၃၀ရက် နေ့ နောက်ဆုံးထားပြီး လုပ်ဆောင်ရန် ဘန်ကောက်ရှိ မြန်မာသံရုံးမှ  ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားပြီး ဇွန်လကုန်သည်နှင့် ထိုင်းနိုင်ငံရောက် အထောက်အထားမခိုင်လုံသော မြန်မာအလုပ်သမားများကို ထိုင်းဘက်မှ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ CI စာအုပ်ကို မြန်မာအလုပ်သမားများ အနေဖြင့် Seven Eleven စတိုးဆိုင်များတွင်  ဘတ်ငွေ ၃၁၀ ဖြင့် နေ့ချင်းပြီး ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အလုပ်သမားများ CI စာအုပ်ကို ကိုယ်တိုင်လုပ်ရာတွင် အခက်အခဲများ ရှိနေပြီး အချို့မှာမူ အလုပ်ရှင်မှ လိုက်ဆောင်ရွက်ပေးသောကြောင့် အဆင်ပြေသွားသည်ဟု ဆိုသည်။

“ပွဲစားက သူဌေးဆီက လိုအပ်တဲ့ စာရွက်စာတမ်းလာယူပြီး သူကိုယ်တိုင်ပဲ အားလုံးလုပ်ပေးတယ်” ဟု စမူပကန်ခရိုင်၊ဘန်ဖီနယ်ထဲက စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ ကိုကိုနိုင်က ပြောသည်။ အဆိုပါ CI စာအုပ်ထုတ်ယူဖို့အတွက် လူတစ်ဦးလျှင် ပွဲစားခ  ဘတ် ၆၅၀၀ ပေးရကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာရွေ့ပြောင်းလုပ်သားအများစုသည် ကိုယ်တိုင် CI လာရောက်လျောက်ထားသူ နည်းပါးပြီး အများစုက ပွဲစားများကိုပဲ အားကိုးနေရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

“ သူဌေးကိုယ်တိုင် CI စာအုပ် လိုက်လုပ်ပေးတဲ့အတွက် အခက်အခဲမရှိပါဘူး”ဟု ဘန်ကောက်မြို့တွင် အလုပ် လုပ်ကိုင်သော မကေသီထွန်းက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများကို ထိုင်း- မြန်မာ နှစ်နိုင်ငံအစိုးရ ညှိနိုင်းပြီး နိုင်ငံသား စီစစ်ခြင်းလုပ်ငန်း CI စာအုပ်ထုတ်ပေးခြင်းကို ၂၀၁၇ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ယနေ့အချိန်ထိ CI စာအုပ် ၁၁သိန်းခန့် ထုတ်ပေးခဲ့ပြီးကြောင်း သိရသည်။