YouTube ကို ယှဉ်ပြိုင်နိုင်မည့် ဗီဒီယိုအစီအစဉ်တစ်ခု Instagram ထုတ်ဖော်

YouTube ကို ယှဉ်ပြိုင်နိုင်မည့် ဗီဒီယိုအစီအစဉ်တစ်ခု Instagram ထုတ်ဖော်

ဇွန် ၂၂ ။          ။ YouTube မှ ဗီဒီယိုတင်သူများကို အဓိကဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ အချိန်ကြာမြင့်စွာ ကြည့်နိုင်သော ဗီဒီယို Feature သစ်တစ်ခုကို Instagram က မိတ်ဆက်ထုတ်ဖော်ခဲ့သည်။ အလားတူ လက်ရှိအချိန်တွင် Instagram တွင် ပုံမှန်အသုံးပြုသူ ဦးရေ တစ်ဘီလျံကျော်မျှ ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ခဲ့သေးသည်။

ယင်းအတွက်ကြောင့် Instagram သည် အသုံးပြုသူ တစ်ဘီလျံ ပြည့်မြောက်သည့် Facebook ပိုင် စတုတ္ထမြောက် ပလက်ဖောင်းလည်း ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အသုံးပြုသူ သန်း ၈၀၀ ရှိနေခဲ့သည့် Instagram သည် ယခုအခါ Twitter နှင့် Snapchat တို့ကဲ့သို့ ပြိုင်ဘက် လူမှုကွန်ရက်များကို ကျော်လွန်ပြီး လူငယ် အသုံးပြုသူများကို ဆွဲဆောင်ထားနိုင်ခဲ့သည်။

ယခုအခါ IGTV အမည်ရ ဗီဒီယို application သစ်တစ်ခုကို ထုတ်ဖော်ရင်း သမိုင်းမှတ်တိုင်သစ်တစ်ခုကို ရောက်လာခဲ့ပြီဖြစ်ကြောင်း ဇွန်လ ၂၀ ရက်က Instagram အမှုဆောင်အရာရှိချုပ် Kevin Systrom က ကြေညာသွားခဲ့သည်။

အဆိုပါ IGTV တွင် အသုံးပြုသူများအနေဖြင့် အချိန် ပိုကြာမြင့်သော ဗီဒီယိုများကို ယင်းနေရာတွင် လွှင့်တင်နိုင်မည် ဖြစ်ပြီး YouTube ကဲ့သို့ပင် ဗီဒီယိုဖန်တီးသူများအတွက်လည်း ချန်နယ်အစီအစဉ်များ ပါ၀င်မည် ဖြစ်သည်။

ယင်း IGTV နှင့်အတူ Instagram အနေဖြင့် YouTube ၏ အဓိကပြိုင်ဘက်ဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required