ကိုရင်တစ်ပါးနှင့် အငြိမ်းစား ရဲဝန်ထမ်းတစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ ကိုရင်သေဆုံး

ကိုရင်တစ်ပါးနှင့် အငြိမ်းစား ရဲဝန်ထမ်းတစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ ကိုရင်သေဆုံး

မင်းပြား၊ ဇွန်လ ၂၂ ရက်။     ။ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကိုရင်တစ်ပါးနှင့် အငြိမ်းစား ရဲဝန်ထမ်းတစ်ဦး ခိုက်ရန် ဖြစ်ပွားကြရာမှ ကိုရင်  သေဆုံးသွားကြောင်း မင်းပြားရဲတပ်ဖွဲ့က ပြောသည်။

ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မင်းပြားမြို့၊ မြို့သစ်ရပ်ကွက် ကန့်ကော်မြိုင်လမ်းတွင် ၎င်းတို့နှစ်ဦး စကားများ၍ ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း ၊ ကိုရင်အလောင်းကို ရေမြောင်းထဲမှတွေ့ရှိခဲ့ကြောင်း မင်းပြားမြို့နယ် ရဲစခန်းမှ  ဒုရဲအုပ် ကျော်ဇေယျက RiA သို့ ပြောသည်။

“ဦးကျော်ဇံလှနဲ့ ကိုရင်လေးနဲ့ နပန်းတွေဘာတွေလုံးရင်းနဲ့ ရေထဲကိုပြုတ်ကျသွားတာ။ ရေနစ်ပြုတ်ကျပြီးတော့မှ ကိုရင်လေးက ရေနစ်ပြီး ဆုံးသွားတာ”ဟု ဒုရဲအုပ် ကျော်ဇေယျက ပြောသည်။

သေဆုံးသွားသည့် အရှင်ဘဒ္ဒိယဘွဲ့အမည်ရှိ ကိုရင်သည်  မင်းပြားမြိုသစ်ရပ်ကွက်နေ လူအမည် အောင်ဘခိုင် (၂၄) နှစ်ဖြစ်ပြီး ၎င်းနှင့် ခိုက်ရန်ဖြစ်သူမှာ ကင်းဆိပ်အုပ်စု၊ သံထောင်ကျေးရွာမှ ရဲဝန်ထမ်း အငြိမ်းစား ဦးကျော်ဇံလှ (၇၀) နှစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူအား မင်းပြားမြို့ ဓမ္မရက္ခိတကျောင်းရှေ့ ကန့်ကော်မြိုင်လမ်းအနီးရှိ မြောင်းငယ်တွင် သေဆုံး၍ တွေ့သဖြင့် ရပ်ကွက်နေသူများက ရဲစခန်းသို့ တိုင်တန်းလာခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ ရေနစ်သေဆုံးခြင်းမဟုတ်ဘဲ ရန်ဖြစ်ရာမှ မွန်းကြပ်သေဆုံးသွားခြင်းဟု ဆေးစစ်ဆေးချက်တွင် ဖော်ပြထားပြီး တရားခံကိုလည်း ဖမ်းဆီးထားကြောင်း ဆိုသည်။

ထိုသေဆုံးမှုနှင့် ပတ်သတ်၍ ဦးကျော်ဇံလှအား မင်းပြားမြို့မ ရဲစခန်းမှ (ပ) ၁၂၄/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စိစစ်နေကြောင်း ဒုရဲအုပ် ကျော်ဇေယျက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required