ရခိုင်တွင် မျိုးစပါးဖြန့်ဖြူးပေးရန် တင်း ၉ ထောင်ကျော် လိုနေသေးသည်ဟု စိုက်ပျိုးရေး ဦးစီးမှူးပြော

ရခိုင်တွင် မျိုးစပါးဖြန့်ဖြူးပေးရန် တင်း ၉ ထောင်ကျော် လိုနေသေးသည်ဟု စိုက်ပျိုးရေး ဦးစီးမှူးပြော

ရခိုင်ပြည်နယ်တွင် ရေကြီးမှုကြောင့် လယ်ယာမြေများ ပျက်စီးသွားပြီး စပါးပြန်လည်စိုက်ပျိုးနိုင်ရန် ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစပါးများ ဖြန့်ဖြူးပေးလျက်ရှိရာ လက်ရှိတွင် မျိုးစပါး ဖြန့်ဖြူးပေးရန် တင်း ၉၂၅၀ လိုနေ သေးသည်ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

"တောင်သူလယ်သမား အခွင့်အရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ လယ်သမားတွေကို ကူညီထောက်ပံ့ပေးရမယ် ဆိုပြီးတော့ ဥပဒေမှာ ရှိပါတယ်။ လက်ရှိမှာတော့ ကျနော်တို့ ဧကအလိုက်ပေးပါ တယ်။ တစ်ဧက တစ်တင်းနှုန်းနဲ့ပေါ့။ သူတို့မှာက လောလောဆယ်တော့ စစချင်း စိုက်တဲ့ အချိန်လေးဆိုတော့ ဘာစရိတ်စခမှ မရှိသေးဘူးပေါ့ဗျာ။ လောလော ဆယ် မျိုးဖို့လောက် လိုသေးတာကိုး။ အဲဒီတော့ မျိုးလောက်ပဲ ထောက်ပံ့ပေးတာပေါ့။ တကယ်လို့ နောက်ပိုင်း သီးတဲ့ပွင့် တဲ့ အချိန်မှာ ပျက်သွားရင်တော့ ထွန်ယက်ခတို့၊ ဓါတ်မြေသြဇာတို့၊ ပိုးသတ်ဆေးဖို့တို့ ဒါတွေကို ထောက်ပံ့ပေးရမှာပေါ့။" ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် မျိုးစပါးဖြန့်ဖြူးပေးရန် ၂၁၇၂၄၆ တင်း (ဧက ၂၁၇၂၄၆) လိုအပ်သည့်အနက် လက်ရှိတွင် ၂၂၁၃၀၃ တင်းကို ဖြန့်ဖြူးပေးပြီးဖြစ်ကြောင်း၊ သို့သော်လည်း စစ်တွေခရိုင်မှာ ၂၀၈ တင်း (ဧက ၂၀၈)၊ မြောက်ဦးခရိုင်မှာ ၈၀၂၀ တင်း (ဧက ၈၂၃၁)၊ မောင်တောခရိုင်မှာ ၃၈ တင်း (ဧက ၄၂၀) နှင့် ကျောက်ဖြူခရိုင်မှာ ၉၈၄ တင်း (ဧက ၉၈၄) ပေါင်း ၉၂၅၀ တင်း (ဧက ၉၈၄၃) အတွက် လိုအပ်နေသေးခြင်းဖြစ်သည်။

မျိုးစပါးမရရှိသေးသော လယ်သမားများ၊ ကျေးရွာများမှာလည်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ တိုက်ရိုက် လာရောက် လျှောက်ထားနိုင်ကြောင်း ဦးစီးမှူးကဆိုသည်။

ယခုမိုးရာသီတွင် ရခိုင်ပြည်နယ်တွင် ရေကြီးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် တစ်ပြည်နယ်လုံးတွင် ရေမြုပ်လယ်မြေ ဧက ၂၉၁၂၁၉ နှင့် ပျက်စီးလယ်မြေ ဧက ၂၁၇၂၄၆ ဧကတို့ရှိကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံ နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သောကြောင့် လယ်ယာမြေများ ရေလွှမ်းမိုးမှုကို ခံခဲ့ရပြီး စိုက်ပျိုးထားသော စပါးများ ပျက်စီးသွားသဖြင့် ယခင်နှစ်များကထက် စပါးအထွက်နှုန်း အများအပြား လျော့ကျသွားနိုင် ကြောင်း စစ်တွေမြို့အခြေစိုက် ဝံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံက သုံးသပ်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required