ဆယ်ကျော်သက်လူငယ်များအား “ကျန်းမာပျော်ရွှင်ဘဝသံစဉ်” သင်တန်းပေး

ဆယ်ကျော်သက်လူငယ်များအား “ကျန်းမာပျော်ရွှင်ဘဝသံစဉ်” သင်တန်းပေး
သတင်းဓာတ်ပုံ- အောင်ကျော်ဇင်(ရေစကြို)

ဇွန်လ ၂၁၊ မကွေး ။          ။ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့၊ ရေစကြိုလူငယ်ကွန်ရက်မှ ဦးဆောင်၍ မြန်မာနိုင်ငံဆရာဝန်အသင်း မှ ဆယ်ကျော်သက်လူငယ်များအား “ ကျန်းမာပျော်ရွင် ဘဝသံစဉ် ” ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာများအား အမှတ် ၈ ရပ်ကွက်၊ ဂူကြီးကျောင်းတိုက် ဓမ္မာရုံပေါ်၌ ဇွန်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ထိ ၄ ရက်ကြာ သင်တန်းပေးသင်ကြားပေးခဲ့ကြောင်း သိရသည်။

“ ဒီသင်တန်းပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဆယ်ကျော်သက် အရွယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ့်မိဘတွေနဲ့ စိတ်သဘောထားခြင်းမတိုက်ဆိုင်တာမျိုးတွေ၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တာတွေ လူငယ်တွေကို သိစေချင်တယ်။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ လူငယ်တွေကိုအသိအမြင်တွေ ပွင့်လာစေချင်တယ်၊အဲ့ဒါကြောင့်မလို့ မိဘတွေရော၊ လူငယ်တွေကိုရော သင်တန်းတွေကိုများများတက်ရောက်သင်ကြားစေလိုပါတယ် ။ ဖိတ်လည်း ခေါ်ပါတယ်” လို့ကျန်းမာပျော်ရွှင် ဘဝသံစဉ် သင်တန်းဖြစ်မြောက်အောင်စီစဉ်ပေးသည့်ရေစကြိုလူငယ်ကွန်ရက်မှ အကြံပေးကိုဝေယံအောင်က ပြောသည်။

“ ကျန်းမာပျော်ရွှင် ဘဝသံစဉ် သင်တန်းကိုလာရောက် သင်ကြားရတဲ့အတွက်ကြောင့် လိင်ပညာပေး တွေကိုလည်း သိရှိရပါတယ်။ လူခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေအကြောင်းတွေကိုလည်း သိရှိရပါတယ်။ ဘာတွေလုပ်ရင် ဘယ်လိုပိုးတွေကူးစက်ရနိုင်တယ် ဆိုတာတွေလဲ သိခဲ့ရတယ်။ မူးယစ်ဆေးဝါးတွေ မသုံးစွဲဖို့၊ သုံးစွဲလျှင် နောက်ဆက်တွဲ ဆိုးကျိုးတွေဘယ်လိုဖြစ်နိုင်တာတွေ သိခဲ့ရတယ်၊အသက်မပြည့်သေးဘဲ ကိုယ်ဝန် မဆောင်သင့်တဲ့ အကြောင်းတွေသိခဲ့ရပါတယ်” ဟု သင်တန်းလာရောက်တက်ရောက်သူ မင်းရွာကျေးရွာနေ ကိုအောင်မျိုးကိုက ပြောသည်။

သင်တန်းမှာ ရည်ရွယ်ချက် ၅ ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း သင်တန်းဆရာ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာနေဝင်းက ပြောသည်။

“ ပထမရည်ရွယ်အနေနဲ့ကတော့ဆယ်ကျော်သက်အရွယ်လူငယ်တွေ သိသင့်သိတိုက်တဲ့ ဗဟုသုတတွေ အရွယ်နဲ့အမျှ သိဖို့ပါ၊ ပြီးလျှင်တော့ သိထားတဲ့ ဗဟုသုတတွေနဲ့ညီမျှတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အခြေအနေသိရှိဖို့ လူကြီးဘဝရောက်လာတဲ့အခါ လိုအပ်တဲ့ ဘဝတန်ဖိုးအကြောင်းတွေ နားလည်ဖို့ရယ်၊ ကိုယ်တိုင်ခံယူချက်တော်လာဖို့ရယ် ၊ မိသားစုနဲ့ ပတ်ဝန်းကျင်ကို အဆင်ပြေ နေထိုင်နိုင်ဖို့ရယ်၊ ဘဝအတွက် ဆုံးဖြတ်ချက်တွေချတဲ့အခါတွေမှာ အကြောင်းအကျိုး ညီညွှတ်စွာနဲ့ အမှားကင်းကင်းဆုံးဖြတ်နိုင်ဖို့ပါ၊ သင်တန်း ကာလကတော့ လေးရက်သင်ကြားပေးပါတယ်၊ သင်တန်းတက်ရောတဲ့သူ စုစုပေါင်း(၄၁ )ဦး တက်ရောက်သင်ကြားပါတယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာနေဝင်းက ပြောသည် ။

ယခုသင်တန်းအား မြန်မာနိုင်ငံ ဆရာဝန်အသင်းက ကမကထပြုလုပ်ပြီး ရေစကြိုလူငယ်ကွန်ရက် အဖွဲ့အစည်းက စီမံချက်အတွက် အထောက်အပံ့များ ပေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly