၁၃ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ကိုယ်ဝန်ရပြီးနောက် ဖခင်ဖြစ်သူကို မုဒိမ်းမှုဖြင့် အမှုဖွင့်ထား

၁၃ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ကိုယ်ဝန်ရပြီးနောက် ဖခင်ဖြစ်သူကို မုဒိမ်းမှုဖြင့် အမှုဖွင့်ထား
ဓာတ်ပုံ-ဆွာနယ်မြေရဲစခန်း။
 

ရန်ကုန်၊ ဇွန်လ ၂၁ ။            ။ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့မြောက်ပိုင်းရှိ ရှမ်းရွာတွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ၄င်း၏ ဖခင်ဖြစ်သူကို မုဒိမ်းမှုဖြင့် အမှုဖွင့်ထား ကြောင်း  ဆွာနယ်မြေရဲစခန်းမှ အတည်ပြုသည်။

သမီးအရင်းဖြစ်သူအား သားမယားပြုကျင့်ခဲ့သည်ဟု အမှုဖွင့်ခံထားရသူမှာ  အသက် ၃၇ နှစ်အရွယ်ခန့်ရှိသည့် သိန်းဇော်ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။

သိန်းဇော်ဝင်းမှာ  ဇနီးဖြစ်သူနှင့် ကွာရှင်းထားသည်မှာ  ၁ နှစ်ခွဲခန့်ရှိပြီးဖြစ်ကြောင်း၊ နေအိမ် တွင် သမီးဖြစ်သူနှင့် နှစ်ဦးတည်းသာ နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ ကောင်မလေး အခြေအနေက တစ်မျိုးဖြစ်လို့  ကိုယ်ဝန်ရှိ တယ်လို့ သူတို့ အိမ်နီးနားချင်းတွေရဲ့ပြောပြချက်အရပေါ့။ ဆေးစစ်ခိုင်းတယ်။ ဆေးစစ်ကြည့်ရာ ကနေပြီးတော့ နှစ်ကြောင်းပေါ်တယ်ပေါ့ဗျာ။ အဲ့ဒီလိုမျိုးပေါ့။ အဲ့ဒါကြောင့်မို့ အဲ့ဒီရပ်ကွက်က ရပ်ကွက်လူကြီး တွေကပဲ တရားလို ပြုလုပ်ပြီးတော့ အမှုဖွင့်လိုက်တာပေါ့ ”ဟု ယနေ့ ဇွန်လ ၂၁ ရက်တွင် ဆွာနယ်မြေရဲစခန်းမှ ဒုရဲအုပ် မြလွင်ဦးက ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရှမ်းရွာမှ ရပ်ကွက်လူကြီးများက တရားလိုပြုလုပ်တိုင်တန်းချက်အရ အသက် ၃၇ နှစ်အရွယ် သိန်းဇော်ဝင်း ဆိုသူကို ဆွာနယ်မြေရဲစခန်းတွင် (ပ) ၈၈/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ ဖြင့် ဇွန်လ ၁၉ ရက်နေ့ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သိန်းဇော်ဝင်းဆိုသူကို လက်ရှိတွင် ဆွာနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

 ၎င်းအားအမှုဖွင့်ထားသည့် ပုဒ်မ- ၃၇၆ မှာ မုဒိမ်းမှုအတွက် ပုဒ်မဖြစ်ပြီး မုဒိမ်းမှုကျူးလွန်သူအား အမြင့် ဆုံးပြစ်ဒဏ် တစ်သက် တကျွန်းဖြစ်စေ၊  ၁ဝ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်နိုင်သော ပုဒ်မတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly