ဆလုံတိုင်းရင်းသားများအတွက် အချက် ၃ ချက် သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုမရှိဟု တပ်မတော်သားကိုယ်စားလှယ်ဆို

ဆလုံတိုင်းရင်းသားများအတွက် အချက် ၃ ချက် သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှုမရှိဟု တပ်မတော်သားကိုယ်စားလှယ်ဆို

နေပြည်တော်၊ ဇွန်လ၂၀ ။                ။ ပျောက်ကွယ်လုနီးပါးဖြစ်သော ဆလုံတိုင်းရင်းသားများအတွက် အချက် (၃)ချက်ပါရှိသော အာမ၊ ကတိကော်မတီမှ တင်သွင်းသော အစီရင်ခံစာသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးဦးက ပြောသည်။

" ဆလုံလူမျိုးများ သီးသန့်နေထိုင်သည့်ကျွန်းများ သတ်မှတ်ပေးရန် ဆောင်ရွက်သင့်ပါသည်၊ ဆလုံလူမျိုးများ နေထိုင်ရာကျွန်းရွာငယ်များတွင် ဆလုံမဟုတ်သော အခြားရွှေ့ပြောင်းအခြေချသူများကို ကန့်သတ်ထိ်န်းချုပ်ထားရန်ဆောင်ရွက်သင့်ပါသည်၊ ကျွန်းအရေအတွက် သတ်မှတ်၍ ဆလုံလူမျိုးများ သဘာဝအတိုင်းနေထိုင်သည့် ဒေသအဖြစ်သတ်မှတ် ဆောင်ရွက်သင့်ပါသည် ဟူသည့် ၄င်းအချက်သုံးချက်ကို ပြန်လည်ပြင်ဆင်ပေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအား အစည်းအဝေးတွင်း ဗိုလ်မှူးကျော်စိုးဦးက တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ တင်သွင်းခဲ့သော ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့်အဆိုများ၊ မေးခွန်းများနှင့် ပတ်သက်သည့်အစီရင်ခံစာတွင် ပါရှိခဲ့သည့် အကြောင်းအရာသုံးချက်နှင့်ပတ်သက်ပြီး ယနေ့ ဇွန်လ ၂၀ ရက်နေ့ အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင်း ၄င်းကပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တေ်ာက ဒီအာမ၊ ကတိ ကော်မတီရဲ့ အစီရင်ခံစာကို ကျွန်တော်ထောက်ခံတယ်။ ဒါပေမယ့် ဒီအပေါ်မှာ သုံးထားတဲ့ စာလုံးအသုံးအနှုန်းလေးတွေ ရှိတယ်။ ဖော်ပြထားတဲ့ အပိုဒ်ခွဲလေးတွေဟာ ကျွန်တေ်ာတို့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနဲ့ မကိုက်ညီတာလေး သွားတွေ့ရတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်က ပြင်ဆင်ရေးသားနိုင်ဖို့အတွက် ကျွန်တော် အကြံပြုတာဖြစ်ပါတယ်”ဟု အစည်းအဝေးအပြီးတွင် ၄င်းက မီဒီယာများကို ပြောသည်။

၄င်းက ၂၀၁၅ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ  ၁၀၀(ဂ)တွင် “ကော်မတီသည် အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြပြီးနောက် ကော်မတီဥက္ကဋ္ဌ ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်ထားသော ကော်မတီဝင်တစ်ဦးသည် ဥက္ကဋ္ဌက သတ်မှတ်သော နေ့တွင် အစီရင်ခံစာကို ဆွေးနွေးရန် အဆိုတင်သွင်းရမည် ။ ယင်းအဆိုကို  အတည်ဖြစ်ပြီးသောအခါ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့၏ယူဆချက် များ ၊ ထင်မြင်ချက်များ၊ အကြံဉာဏ်များကို ပေးနိုင်သည်။ သို့ရာတွင် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်များမပြုလုပ်ရ” ဖော်ပြထားသည်ကို ပြောကြားခဲ့သော်လည်း ယခုကဲ့သို့ ထပ်မံတောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော် ဖွဲဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) အခန်း(၈)ပုဒ်မ ၃၅၅ တွင် ဖော်ပြထားသော နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌ မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်ဟူသည့် ပြဋ္ဌာန်းချက်နှင့် မညီသည့်အတွက် ထိုကော်မတီမှပြန်လည်ပြင်ဆင်ပေးရန် တပ်တော်သားကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးဦးက ပြောခဲ့ခြင်းဖြစ်သည်။

ပျောက်ကွယ်လုနီးပါးဖြစ်နေသည့်ဆလုံတိုင်းရင်းသားများအတွက် အခြေခံဥပဒေပါ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် အလျင်အမြန် အကာအကွယ်ပေးသင့်ခြင်း၊ မြန်မာ့ပင်လယ်ပြင်ကျွန်းစုများ၏ တန်ဖိုးအလှအပ လုံခြုံရေးနှင့် ခရီးသွားလုပ်ငန်းအတွက် သုတေသနလုပ်ငန်းများ ၊ စီမံကိန်းများနှင့် ဥပဒေပြဋ္ဌာန်းချက်များကို  ဆောင်ရွက်သင့်သည်ကို သုံးသပ်ထားသည့်ကြောင်း   အစိုးရ၏ အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ  ဥက္ကဌ ဦးသိန်းဆွေ အာမ ။ ကတိ အစီရင်ခံစာတင်သွင်းရာတွင် ပြန်လည်ပြောကြားခဲ့သည်။

“နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနဲ့ အညီ အခြေစိုက်နေထိုင်ခွင့် ရှိသည် ဆိုတဲ့အချက်ကို ကျွန်တေ်ာတို့ကန့်ကွက်နေခြင်းမျက်ကွယ်ပြုနေခြင်း မဟုတ်ပါဘူး ။ ကျွန်တော်တို့ ကော်မတီဝင်တွေ လိုလားနှစ်သက်တဲ့ ပုဒ်မ ဖြစ်ပါတယ်။  နိုင်ငံသားတွေရဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့ကျော်လွန်ပြီးဆွေးနွေးတာ မရှိပါဘူး”ဟု ၄င်းကပြောသည်။

ထို့နောက် အထက်ပါ အာမ၊ ကတိ ၏ အစီရင်ခံစာ အဆိုကို တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာတွင် ဗိုလ်ချုပ်ကျော်စိုးဦးက အစီရင်ခံစာတစ်ခုလုံးကို သဘောမတူခြင်းမဟုတ်သော်လည်း ၄င်းထောက်ပြခဲ့သည့် အချက်သုံးချက်ကို သဘောမတူသည့်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ အဆုံးအဖြတ်ယူရာတွင် မြန်မာနိုင်ငံတော် ဖွဲဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်) အခန်း(၈)ပုဒ်မ၃၅၅ နှင့် ညှိစွန်းမှု မရှိသည့်အတွက် အတည်ပြုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly