မန္တလေး ၆ မြို့နယ်အတွင်းမှ အငှားဆိုင်ကယ်ပြေးဆွဲရန် စီစဉ်

မန္တလေး ၆ မြို့နယ်အတွင်းမှ အငှားဆိုင်ကယ်ပြေးဆွဲရန် စီစဉ်

 

မန္တလေး ။           ။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်မြေဧရိယာ ၆ မြို့နယ်အတွင်း အငှားဆိုင်ကယ်တက်စီများကို ဂိတ်နေရာများသတ်မှတ်ကာ ပြေးဆွဲသွားရန်စီစဉ်နေကြောင်း မန္တလေးမြို့တော်ဝန်က ပြောပါတယ်။

အငှားဆိုင်ကယ်ပြေးဆွဲနေသူများကို စနစ်တကျပြေးဆွဲနိုင်ရန်နဲ့သတ်မှတ်နေရာများချမှတ်ပေးနိုင်ရေး အတွက် ဇွန်လ ၂၀ ရက်၊မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်ခန်းမမှာ အငှားဆိုင်ကယ်ပြေးဆွဲနေသူများနဲ့စည်ပင်သာယာရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးမှု တွေပြုလုပ်ခဲ့ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း အငှားဆိုင်ကယ်လုပ်ငန်းကို စနစ်တကျမှတ်ပုံတင်စေပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကို အစုအဖွဲ့နဲ့ဆောင်ရွက်စေပြီး ပြည်သူများရဲ့သွားလာမှု လုံခြံုချောမွေ့အဆင်ပြေစေရန်အတွက် အခုလိုတွေ့ဆုံပြောကြားခြင်းဖြစ်တယ်လို့ ဒုတိယ မြို့တော်ဝန် ဦးရဲမွန်က ဆိုပါတယ်။

"မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ကျွန်တော်တို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်တွေကို စနစ်တကျ တက်စီအနေဖြင့် စနစ်တကျပြေးဆွဲနိုင်ဖို့အတွက် အခုလိုစီမံချက် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။"လို့ ဦးရဲမွန်ကပြောပါတယ်။

လက်ရှိပြေးဆွဲဂိတ်ထိုးနေတဲ့နေရာတွေကို နီးစပ်ရာစုဖွဲ့ပြီး တစ်ဂိတ်ကို ဆိုင်ကယ် ၁၀ စီးကနေ ၂၅ စီးအထိထားရှိဖို့ဆောင်ရွက်သွားမှာဖြစ်သလို မြို့နယ်အလိုက် ဂိတ်တွေကို သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။အဲဒီသတ်မှတ်ပေးမယ့် မြို့နယ်အလိုက် နေရာတွေကတော့ အောင်မြေသာစံမြို့နယ်မှာ ၁၈ နေရာ၊ချမ်းအေးသာစံမြို့နယ်မှာ ၂၀ နေရာ၊မဟာအောင်မြေမြို့နယ်မှာ ၁၃ နေရာ၊ချမ်းမြသာစည်မြို့နယ်မှာ ၁၂ နေရာ၊ပြည်ကြီးတံခွန်မြို့နယ်မှာ ၁၃ နေရာနဲ့အမရပူရမြို့နယ်မှာ ၆ နေရတို့ပဲဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ ဂိတ်နေရာတွေကိုလည်း ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်း၍ စောင့်ကြည့်သွားမှာဖြစ်သလို သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေ မလိုက်နာပါကလည်း အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အငှားဆိုင်ကယ်ယာဉ်မောင်းများကို တူညီဝတ်စုံများ ဝတ်ဆင်ရမှာဖြစ်သလို မြို့နယ်အလိုက် နံပါတ်များသတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။တစ်နဲ့စတဲ့ နံပါတ်ကို အောင်မြေသာစံမြို့နယ်၊နှစ်နဲ့စရင် ချမ်းအေးသာစံမြို့နယ်၊သုံးနဲ့စရင် မဟာအောင်မြေမြို့နယ်၊၄နဲ့စရင် ချမ်းမြသာစည်မြို့နယ်၊ငါးနဲ့စရင် ပြည်ကြီးတံခွန်မြို့နယ်နဲ့ခြောက်နဲ့စရင် အမရပူရမြို့နယ်တို့ပဲဖြစ်ပါတယ်။ဒီလို မြို့နယ်အလိုက် နံပါတ်သတ်မှတ်လိုက်ခြင်းဟာ ပြဿ     နာတစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့ပါက အလွယ်တကူ အရေးယူဖြေရှင်းနိုင်မှာလဲဖြစ်ပါတယ်။

ဒုတိယမြို့တော်ဝန် ဦးရဲမွန်က"ကျွန်တော်တို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ မြို့နယ် ၆ မြို့နယ်ရှိပါတယ်။ဒီမြို့နယ် ၆ မြို့နယ်အတွင်းမှာ အခုဆိုရင် ဆိုင်ကယ် တက်စီအနေနဲ့ အားလုံးတစ်ထောင်ကျော်ပြေးဆွဲနေပါတယ်။အဖွဲ့တွေလည်း သီးခြားအဖွဲ့တွေဖွဲ့ပြီးတော့ ပြေးဆွဲနေတာတွေရှိပါတယ်။ဒါတွေကို ကျွန်တော်တို့ စနစ်တကျဖြစ်စေဖို့ ကျွန်တော်တို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ ဦးစီးပြီးတော့ လုပ်ငန်းလိုင်စင်တွေ ပြုလုပ်ပေးမယ်။ဒီအဖွဲ့တွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြေးဆွဲဖို့ ကျွန်တော်တို့ ဆောင်ရွက်ပေးမယ်။ ဘာလို့ကျွန်တော်တို့ ဒီလိုလုပ်ရလဲဆိုရင်တော့ ယနေ့ခေတ်ကာလဟာ ကျွန်တော်တို့ မြို့တော်လုံခြံုရေးအတွက် အဓိကအရေးပါတာကို မြို့တော်အတွင်းမှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေရဲ့ သွားလာမှုအဆင်ပြေစေရေးမှာ လုံခြံမှုကလည်း အဓိက အခန်းကဏ္ဍက ပါပါတယ်။" ဟု ဆိုသည်။

" ကျွန်တော်တို့ အခုလိုစနစ်တကျ လုပ်ငန်းလိုင်စင်တွေလုပ်ပေးမယ်။သတ်မှတ်ဝတ်စုံတွေ တူညီစွာနဲ့ မော်တော်ယာဉ်ဥပဒေအရ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဦးထုပ်တွေ ဆိုင်ကယ်မှာပါမယ့် တပ်ဆင်ရမယ့် ရှိသင့်ရှိထိုက်တဲ့ အချက်အလက်တွေအားလုံး စနစ်တကျနဲ့ပြေးဆွဲဖို့ ဒါဖြစ်ပေါ်လာပါတယ်။ကျွန်တော်တို့ဆိုင်ကယ် တက်စီ လက်ရှိအနေအထားမှာဆို တစ်ချို့ဆိုရင် အဆင်ပြေသလို ဝင်ရောက်ဆွဲနေတဲ့ တက်စီ ဆိုင်ကယ်တွေရှိပါတယ်။တစ်ချို့ကတော့ ဒီလုပ်ငန်းကိုပဲ တစ်စိုက်မတ်မတ်လုပ်နေတဲ့ အမြဲလုပ်နေတဲ့ တက်စီယာဉ်မောင်းတွေရှိပါတယ်။အဲဒီမှာ ခရီးသွားပြည်သူတွေနဲ့ လက်ရှိမြေပြင်မှာ အချို့မလိုလားအပ်တဲ့ ပြဿ     နာတွေဖြစ်ပါတယ်။အမြဲတစ်စေ ဆိုင်ကယ်တစ်စီမဆွဲဲဘဲနဲ့ ရံဖန်ရံခါမှဆွဲတဲ့သူတွေအနေနဲ့ တစ်ချို့ဆိုရင် ပြစ်မှုကျူးလွန်ဖို့အတွက် ပြစ်မှုကျူးလွန်သူတွေအတွက် အခွင့်ကောင်း ရနေတာတွေ့ရပါတယ်။အချို့ခရီးသွားတွေ တစ်ဦးတည်း၊  တစ်ယောက်တည်း ခရီးသွားတဲ့အချိန်မှာ ဆိုင်ကယ်တက်စီကို အသုံးပြုချင်ပေမယ့် သူတို့အတွက် အသက်အန္တရာယ်လုံခြံုစိတ်ချမှုအတွက် တစ်ချို့အသုံးမပြုတာတွေ့ပါတယ်။"လို့ မြို့တော်ဝန်က ပြောပါတယ်။

အငှားဆိုင်ကယ်မောင်းနှင်သူများအနေနဲ့ စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာန၊အနှေးယာဉ်ဌာနခွဲမှာ အငှားဆိုင်ကယ်လုပ်ငန်း လိုင်စင် တစ်ဦးချင်း မှတ်ပုံတင်လျှောက်ထားရမှာဖြစ်ပါတယ်။ လိုအပ်တဲ့အချက်အလက်တွေကတော့ ယာဉ်မောင်းလိုင်စင် မူရင်းနဲ့မိတ္တူ  ၂ စောင်၊ယာဉ်လိုင်စင် မူရင်းနဲ့မိတ္တူ  ၂ စောင်၊နိုင်ငံသားစီစစ်ရေး ကတ် မူရင်းနဲ့မိတ္တူ  ၂ စောင်၊ အငှားဆိုင်ကယ်မောင်းနှင်တဲ့သူ နေထိုင်တဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရပ်ကွက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ နေထိုင်ကြောင်း ထောက်ခံချက်၊လိုင်စင် ဓါတ်ပုံ ၅ ပုံနဲ့ဘီးလိမ့်ခွန် မူရင်းနဲ့ မိတ္တူ ၂ စောင်တို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly