မြန်မာနိုင်ငံသို့ ထိုင်းနှင့် တရုတ်နိုင်ငံသား ၀င်ရောက်မှုတိုးလာသော်လည်း ဥရောပခရီးသွားဝင်ရောက်မှု ကျဆင်းနိုင်

မြန်မာနိုင်ငံသို့ ထိုင်းနှင့် တရုတ်နိုင်ငံသား ၀င်ရောက်မှုတိုးလာသော်လည်း ဥရောပခရီးသွားဝင်ရောက်မှု ကျဆင်းနိုင်

 

ဇွန် ၁၉။                                          ။ ယခုနှစ်တွင် ထိုင်းနှင့် တရုတ်နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုး တက်လာသော်လည်း ပြင်သစ်နှင့် အင်္ဂလန်စသောဥရောပ နိုင်ငံများမှ ခရီးကမ္ဘာလှည့်ခရီးသွားဦးရေမှာ ကျ ဆင်းနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်တစ်ချို့က ဆိုသည်။

မြန်မာနိုင်ငံသည် ဥရောပခရီးသွားစျေးကွက်ကို အားထားခဲ့ရပြီး ပြည်တွင်းရှိ ရေမြေတောတောင် သဘာဝ၊ ယဉ်ကျေးမှုများကို တန်ဖိုးထားသည့် ဧည့်သည်အများစုမှာ အနောက်နိုင်ငံသားများ ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုး ကပြောသည်။

“ဒီစျေးကွက်ကိုလည်း ကျွန်တော်တို့ အဓိကဖော်ဆောင်ခဲ့ တယ်။ ပြင်သစ်တို့ အင်္ဂလန်တို့ကတော့ အ ဓိက စျေးကွက်တွေပေါ့။ ဒီစျေးကွက်တွေက ဒီနှစ်မှာလျော့ ကျဖို့ရှိန်ုင်တယ်လို့ ကုမ္ပဏီကြီးအချို့က လည်း ဆိုထားတယ်။ မနှစ်ကထက်ယှဉ်ရင် ၃၀နဲ့ ၄၀ရာခိုင်နှုန်း လောက် ကျဆင်းဖွယ်ရာရှိတယ်” ဟု ၎င်းကပြောသည်။

ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုမှာ ၂၀၁၈ခုနှစ် မတ်လအထိ ထိုင်းနိုင်ငံသား ၈၅၃၆၇ဦး၊ တရုတ်နိုင်ငံသား ၆၈၉၇၆ဦး၊ ဂျပန်နိုင်ငံသား ၂၈၃၂၉ဦး လာရောက်ခဲ့သည်။ ဥရောပမှ ပြင်သစ်နိုင်ငံသား ၁၈၁၇၀ဦး၊ ယူကေမှ ၁၃၅၆၁ဦးနှင့် ဂျာမနီနိုင်ငံသား ၁၁၅၇၅ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရသိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ ကမ္ဘာလှည့်ခရီးသည် ၁.၂၄သန်း ၀င်ရောက်ခဲ့ပြီး ၂၀၁၈ခုနှစ် ဧပြီလအထိ ၁.၂၂သန်း ၀င်ရောက်ခဲ့ကာ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ၁ရာခိုင်နှုန်းနီးပါး လျော့နည်းသွားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသွား စျေးကွက်မှာ စပိန်၊ ရုရှား၊ တောင်အမေရိကမှ နိုင်ငံတစ်ချို့ လည်း လာရောက်လည်ပတ်မှုများလာနိုင်ကြောင်း ဦးသက်လွင်တိုးကပြောသည်။

“ပြီးခဲ့တဲ့နှစ်တည်းက ပင်လယ်ပြင်ခရီးသွားလုပ်ငန်းတွေ ကျွန်းခရီးသွားလုပ်ငန်းတွေ အများကြီး အခြေ တည်လာခဲ့တယ်။ ၂၀၁၈နှစ်ဆန်းပိုင်းအထိလည်း အထိုက်လျောက်အောင်မြင်ခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရေခံမြေခံကောင်းတွေရှိပါတယ်။ ကမ်းခြေခရီးသွားလုပ်ငန်း၊ တောတောင်ချောင်းမြောင်းတွေ အခြေခံပြီး Eco Tourism လည်းလုပ်လို့ရပါတယ်။ သက်ဆိုင်ရာအသင်းအဖွဲ့တွေ လုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ ၀န်ကြီးဌာနပူပေါင်းပြီး ဆောင်ရွက်နေပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ရန်ကုန်တိုင်းဒေသကြီး ညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးနိုင်ဝင်းကပြောသည်။

ထို့အပြင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်နိုင်စေရန် ဗီဇာစနစ်များ ဖြေလျော့မှု စီစဉ်ဆောင်လုပ်နေပြီဖြစ်သည်ဟု ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ဇွန် ၁၂ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ တွင် ကျင်းပ ပြုလုပ်ခဲ့ သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly