ပြည်သူအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းစေရန် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် ဆုတောင်း

.

(ဓာတ်ပုံ- ဟိန်းထက်/အီးပီအေ)

နေပြည်တော်(ဇွန်လ ၁၉ရက်၊ ၂၀၁၈ခုနှစ်)။ ။ ပြည်သူတွေအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းနိုင်ပါစေဟု ယနေ့ကျရောက်သည့် အသက်(၇၃)နှစ်ပြည့် မွေးနေ့တွင် မွေးနေ့ရှင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ဆုတောင်းစကား ပြောကြားသည်။

“ပြည်သူတွေအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းနိုင်ပါစေ။ ဒီနေ့ကစပြီး နှစ်တိုင်းနှစ်တိုင်း ပို၍ပို၍ တိုး၍တိုး၍ နှလုံးစိတ်ဝမ်း အေးချမ်းနိုင်ပါစေ။ ပြည်သူတွေ နှလုံးစိတ်ဝမ်း အေးချမ်းတယ်ဆိုရင် အားလုံးပြည့်စုံပါပြီ” ဟု မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၃)နှစ်ပြည့် မွေးနေ့ပွဲကို နှစ်စဉ်ကျင်းပနေကျဖြစ်သော နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် I-12 တွင် ယနေ့နံနက် ၁၁နာရီက ကျင်းပခဲ့သည်။

မွေးနေ့ပွဲသို့ သမ္မတဦးဝင်းမြင့်၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သမ္မတဟောင်း ဦးထင်ကျော်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ရှိ သန့်ရှင်းရေးဝန်ထမ်းများနှင့် တက်ရောက်လာသူများကို မွေးနေ့ကိတ်နှင့် စားစရာများကို ကိုယ်တိုင်ဝေငှကာ ဒါနပြုခဲ့သည်။ ထို့နောက် မွေးနေ့အမှတ်တရအဖြစ် ချိုးဖြူငှက် (၇)ကောင်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လွှတ်ပေးခဲ့သေးသည်။

သမ္မတဟောင်းဖြစ်သူ ဦးထင်ကျော်က “အမရဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုကြောင့် တိုင်းပြည်အတွက် သူကြိုးစားနေတဲ့၊ သူရောက်ရှိချင်တဲ့ ပန်းတိုင်ကို ပန်းခင်းလမ်းကဲ့သို့ ချောချောမွေ့မွေ့ ရောက်ရှိနိုင်ပါစေ” ဟု ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကား ပြောကြားသည်။

ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို မှန်မှန်ကန်ကန်၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါစေဟု ဆုတောင်းပေးခဲ့သည်။

လွတ်လပ်ရေးမရမီ နှစ်နှစ်အလို ၁၉၄၅ခုနှစ်၊ ဇွန်လ ၁၉ရက်တွင် မွေးနေ့ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော အသက်(၇၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပွဲများနှင့် အလှူဒါနပြုပွဲများကို NLD ပါတီဝင်များနှင့် သူမကို ချစ်ခင်လေးစားကြသူများက တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။