ဒဂုံမြို့သစ် လေးမြို့နယ် ချိတ်ဆက်ရန် ဘတ်စ်ကားလိုင်းစီစဉ်မည်

ဒဂုံမြို့သစ် လေးမြို့နယ် ချိတ်ဆက်ရန် ဘတ်စ်ကားလိုင်းစီစဉ်မည်

 

ရန်ကုန်၊ ဇွန်လ ၁၉ ရက် ။                    ။ ဒဂုံမြို့သစ်လေးမြို့နယ်ကို မြို့နယ်ချင်းချိတ်ဆက်နိုင်ရန် ဘတ်စ်ကားလိုင်းစီစဉ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောခဲ့သည်။

ဇွန်လ ၁၈ရက် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ၄၇ ရက်မြောက်နေ့တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီအား လွှတ်တော်၌ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးညီညီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရိုးမရိပ်သာမှ ကြည်စုအနောက်၊ သိန်းတစ်ရာလမ်းမကြီး ရပ်ကွက်အတွင်းပိုင်းများ၊ ပုလဲရတနာလမ်း၊ အောင်ဇေယျလမ်းမကြီး နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ ဒဂုံတက္ကသိုလ်စသည့်နေရာများသို့ YBSယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲပေးရန် အစီအစဉ် ရှိမရှိ တို့ကို မေးမြန်းခဲ့သည်။

မြို့နယ်တွင်းပတ်လိုင်းများမရှိသေးသည့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်များအတွင်း မြို့နယ်ချင်းချိတ်ဆက်ယာဉ်လိုင်းများကို   ဆောင်ရွက်သွားရန်အစီစဉ်ရှိနေသည်ဟု ဒေါ်နီလာကျော်က ပြောသည်။

"မြို့နယ်တွင်းချိတ်ဆက်တဲ့လိုင်းတွေဟာ လမ်းတွေရဲ့အနေအထားအရ မီနီဘတ်စ်လိုင်းတွေဖြစ်ရမှာဖြစ်တဲ့အတွက် မီနီဘတ်စ်ယာဉ်လိုင်းများနဲ့ပဲ ကျွန်မတို့အနေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဒဂုံမြို့သစ် လေးမြို့နယ် ချိတ်ဆက်၍ ဘတ်စ်ကားများပြေးဆွဲနိုင်ရန် လမ်းများကို စီမံချက်နှင့် ပြုပြင်ပေးသွားမည်ဟုလည်း ၀န်ကြီးက ဆိုသည်။

မကြာသေးခင်က ဒဂုံမြို့သစ်တောင်ပိုင်းတွင် ၅၉ ယာဉ်လိုင်းကို ပြေးဆွဲပေးနေပြီး လွှတ်တော်ကိုယ်စားလှယ်များ၏တောင်းဆိုချက်အရ ၄င်းယာဉ်လိုင်းကို လမ်းကြောင်းတိုးချဲ့ပေးသွားရန်လည်း အစီစဉ်ရှိနေသည်။

လက်ရှိအချိန်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း စတင်ပြေးဆွဲနေသည့် ယာဉ်လိုင်း ၁၇ လိုင်းရှိနေပြီး တာမွေ၊ ဆူးလေ၊ အလုံ၊ ရွှေတိဂုံနှင့် သိမ်ဖြူ တို့အထိ ပြေးဆွဲပေးနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly