NLD ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်

NLD ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်

ဇွန် ၁၈ ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို  လာမည့် ဇွန် ၂၃၊၂၄ ရက်များတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) ခန်းမ၌ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဇွန်လ ၁၈ ရက်က နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေးဗဟိုပြန်ကြားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို အဖွဲ့ချုပ်(ဌာနချုပ်)ရုံး၌ပြုလုပ်ခဲ့ပြီး ကျင်းပရက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ညီလာခံတွင် တင်သွင်းအစီအရင်ခံမည့် နိုင်ငံရေးနှင့် စည်းရုံးရေးစာတမ်းများကိုပြုစုရေးသားမှု အခြေအနေများ၊ အခမ်းအနားကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် သတင်းမီဒီယာများအား ဝင်ခွင့်ကဒ်ပြားများကြိုတင်ထုတ်ဝေပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်ကလည်း NLD ရန်ကုန်ရုံးချုပ်တွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ကျင်းပရေးကော်မတီကို အဖွဲ့ဝင် ၉ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ညီလာခံတက်ရောက်မည့် လူများကိုရွေးချယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ညီလာခံသို့ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းများမှ တစ်မြို့နယ်ကို နှစ်ဦး၊ ခရိုင်မှ နှစ်ဦး၊နှင့် တိုင်းမှ ၁ ဦး တက်ရောက်ခွင့်ရမည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က မေလ ၂၆ ရက်က ပြောထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံလုံးဆိုင်ရာညီလာခံ ပထမအကြိမ်ကို ၂၀၁၃ ခုနှစ် မတ်လအတွင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly