နိုင်ငံအမည်အငြင်းပွားမှု အဆုံးသတ်ရေး သမိုင်းဝင်သဘောတူညီချက် ဂရိနှင့် မက်ဆီဒိုးနီးယားတို့ လက်မှတ်ထိုး

နိုင်ငံအမည်အငြင်းပွားမှု အဆုံးသတ်ရေး သမိုင်းဝင်သဘောတူညီချက် ဂရိနှင့် မက်ဆီဒိုးနီးယားတို့ လက်မှတ်ထိုး

ဇွန် ၁၈ ။             ။ "မက်ဆီဒိုးနီးယား" ဆိုတဲ့ နိုင်ငံနာမည်နဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား ကာလကြာ အငြင်းပွားနေတဲ့ကိစ္စကို ပြေလည်စေမယ့် သမိုင်းဝင် ကနဦးသဘောတူညီချက်တစ်ခုကို ဂရိနဲ့ မက်ဆီဒိုးနီးယား (ယူဂိုဆလပ်) တို့ ဇွန်လ ၁၇ ရက်က လက်မှတ်ထိုးခဲ့ကြပါတယ်။

အဆိုပါ သမိုင်းဝင် သဘောတူညီချက်အရ မက်ဆီဒိုးနီးယား (ယူဂိုဆလပ်) နိုင်ငံရဲ့အမည်ကို မြောက်ပိုင်း မက်ဆီဒိုးနီးယားသမ္မတ နိုင်ငံအဖြစ် ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်။

ဂရိနဲ့ မက်ဆီဒိုးနီးယား (ယူဂိုဆလပ်) သမ္မတနိုင်ငံတို့အကြား အဆိုပါ မက်ဆီဒိုးနီးယား နာမည်ကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်တွေအကြာကြီးကတည်းက အငြင်းပွားနေခဲ့ကြတာဖြစ်ပါတယ်။

ဂရိနိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ မက်ဆီဒိုးနီးယား ခရိုင်ဒေသ နာမည်ကို အိမ်နီးချင်း ယူဂိုဆလားဗီးယား ခွဲထွက်နိုင်ငံဖြစ်တဲ့ မက်ဆီဒိုးနီးယား (ယူဂိုဆလပ်) ပြည်သူတွေက ယင်းအတိုင်း ယူပြီး နိုင်ငံ အမည်တပ်ဖို့ လုပ်နေခဲ့ရာကနေ နှစ်နိုင်ငံအကြား အငြင်းပွားနေခဲ့ကြတာဖြစ်ပါတယ်။

ဂရိတို့ဘက်ကတော့ ယင်း မက်ဆီဒိုးနီးယားဆိုတဲ့ အမည်နဲ့ နိုင်ငံနာမည်တပ်ဖို့လုပ်တာနဲ့ပတ်သက်လို့ ဆယ်စုနှစ်များစွာကြာ ကန့်ကွက်နေခဲ့ပြီး ယင်းသို့ လုပ်ခြင်းဟာ ၎င်းတို့ ဂရိမြောက်ပိုင်းက မက်ဆီဒိုးနီးယား ဆိုတဲ့ ခရိုင်ဒေသကို ထိပါးစေတယ်လို့ ဆိုထားပါတယ်။

ယခုအခါမှာတော့ ဂရိတို့ရဲ့ အိမ်နီးချင်းတို့က မြောက်ပိုင်း မက်ဆီဒိုးနီးယား ဆိုပြီး နာမည်တပ်ပြီးတော့ ယခု အငြင်းပွားမှုကို ကျေလည်စေဖို့ ရှိနေပါတယ်။

ယခု သမိုင်းဝင် လက်မှတ်ထိုးမှုကလည်း ရဲရင့်ပြီး လိုအပ်တဲ့ အလုပ်တစ်ခုဖြစ်ကြောင်း ဂရိ ၀န်ကြီးချုပ် အလက်ဇစ် စီပရက်စ်က ပြောသွားပါတယ်။

သို့ပေမယ့်လည်း ယင်းသဘောတူညီချက်ကို နှစ်နိုင်ငံ ပါလီမန်တွေက အတည်ပြုပေးရဦးမှာဖြစ်ပြီး  မက်ဆီဒိုနီးယားမှာလည်း ဆန္ဒခံယူပွဲကျင်းပရဖို့ ရှိသေးတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required