YBS-96 (လှော်ကားတာဆုံ-သာကေတ) ယာဉ်လိုင်းသစ် စတင်ပြေးဆွဲနေ

YBS-96 (လှော်ကားတာဆုံ-သာကေတ) ယာဉ်လိုင်းသစ် စတင်ပြေးဆွဲနေ
Photo-YBS ခရီးသွားများ၏ အသံ

ရန်ကုန်၊ ဇွန် ၁၈ ။            ။ လှော်ကားလမ်းဆုံမှ သာကေတ (တိုင်းရင်းသားကျေးရွာ) အထိပြေးဆွဲမည့် YBS 96 ယာဉ်လိုင်းသစ်ကို ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမီတက် (YBPC) မှ စတင်ပြေးဆွဲပေးနေကြောင်း ကုမ္ပဏီတာဝန်ရှိသူ ဒေါက်တာမောင်အောင်ကပြောသည်။

ဇွန်လ ၁၇ ရက်တွင်အသစ်စတင်ပြေးဆွဲပေးနေသည့် အဆိုပါ YBS 96 ၏ခရီးစဉ်လမ်းကြောင်းမှာ လှော်ကားတာဆုံ - တညင်းကုန်း - ခရေပင်လမ်းခွဲ - (၈)မိုင် - ကမ္ဘာအေး - ချော်တွင်းကုန်း - ညောင်ပင်(ပါရမီ) - ကေတုမာလာကွေ့ - နန္ဒဝန်စျေး - တောင်ဥက္ကလာစာတိုက် - ဇဝန - စံပြစျေး - သွားဆေး တက္ကသိုလ် - ဆောက်လုပ်ရေး - သာကေတအဝိုင်း - (၁၀)စျေး - ဂိတ်ဖျား (သာကေတ) တိုင်းရင်းသားကျေးရွာအထိဖြစ်ကြောင်း သိရသည်။

“ အဲ့ဘက်ကသူတွေက ခရီးသွားတာအစဉ်မပြေဘူးဆိုတဲ့ တောင်းဆိုချက်တွေအများကြီးရှိတယ်။ အဲ့မှာ ၄၂ လိုင်းရှိတယ်။ ၄၂ ကမီနီဘတ်စ်ဆိုတော့ ခရီးသည်တွေတော်တော်များများကလေ ရုံးသွားရုံးဆင်းမှာ ကြပ်ညှပ်ပြီးတော့ တော်တော့်ကိုအဆင်မပြေဘူးဆိုလို့စဉ်းစားပေးတာ။ အဲ့ဒီ့ဟာက (YBS 96) လိုင်းနှစ်လိုင်းရှိတယ်။ မနေ့ကစဆွဲတာပေါ့နော် “ ဟု ဒေါက်တာမောင်အောင်ကဆိုသည်။

စတင်ပြေးဆွဲသည့် ဇွန် ၁၇ ရက်သည်ရုံးပိတ်ရက်ဖြစ်သောကြောင့် ကားအစီးရေ ၂၀ ခန့်ဖြင့်စတင်ပြေးဆွဲနေပြီး ယနေ့ ဇွန်လ ၁၈ ရက်မှစတင်ကာ ၂၄ မိုင်ခန့်ရှိသောခရီးကို ကားအစီးရေ ၃၀ ထိတိုးကာပြေးဆွဲပေးနေသည်ဟုလည်း ၄င်းကပြောသည်။

ယာဉ်စီးခကို ပုံမှန်နူန်းထားအတိုင်း တက်/ ဆင်း ၂၀၀ ကျပ်သာသတ်မှတ်ထားကြောင်းလည်းသိရသည်။ ခရီးသည်များအဆင်မပြေမှုများနှင့် ကြံုတွေ့နေရသည့် မီနီဘတ်စ်များနေရာတွင် ကားအကောင်းများဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဘတ်စ်ကားကုမ္ပဏီများမှ အသစ်ဝယ်ယူထားသော ယာဉ်အသစ်များလည်းရှိနေ၍ ယာဉ်လိုင်းများထပ်တိုးဖွယ်ရှိနေသေးကြောင်းလည်း ဒေါက်တာမောင်အောင်ကပြောသည်။

ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလိမီတက် (YBPC) သည် ယခင် BRT Lite ဘတ် စ် ကားကုမ္ပဏီဖြစ် ပြီး ကုမ္ပဏီ၏ဥက္ကဋ္ဌမှာ ရန် ကုန် တိုင် း ဒေသကြီး သယ် ယူပို့ ဆောင် ရေး ကြီးကြပ် ကွပ် ကဲမှုအာဏာပိုင် အဖွဲ့(YRTA)၏ အတွင် း ရေးမှူး ဒေါက် တာ မောင် အောင် ဖြစ် သည် ။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ကို ၂၀၁၆ခုနှစ် ဇူလိုင်လ (၈)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး နာယက အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဥက္ကဋ္ဌအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အတွင်းရေးမှူးအနေဖြင့် ဒေါက်တာမောင်အောင်တို့ တာဝန်ယူဆောင်ရွက်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required