ပလပ်မြေပေါ်တွင် အထပ်မြင့်အဆောက် အဦးဆောက်လုပ်နေခြင်းကို ဒေသခံများကန့်ကွက်

ပလပ်မြေပေါ်တွင် အထပ်မြင့်အဆောက် အဦးဆောက်လုပ်နေခြင်းကို ဒေသခံများကန့်ကွက်

ရန်ကုန် ဇွန် ၁၇ ။           ။ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၅ ရပ်ကွက်အတွင်းက ပလပ်မြေပေါ်တွင် အထပ်မြင့်အဆောက် အဦးဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရေးခေါင်းစဉ်ဖြင့် ရပ်ကွက်သူရပ်ကွက်သားများက ဇွန်လ ၁၇ ရက် နေ့  နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

ကလေးကစားကွင်းအဖြစ် လျှောက်ထားခဲ့သည့် တောင်ဥက္ကလာ၊ အမှတ် ၅ ရပ်ကွက်၊ သရေခေတ္တရာ ၂၁ လမ်းနဲ့ ၂၂ လမ်းကြားမှာရှိသော အဆိုပါမြေကွက်ပေါ်တွင် ကုမ္ပဏီတစ်ခုက အထပ်မြင့် အဆောက်အဦး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ရပ်ကွက်သူရပ်ကွက်သားများက တောင်းဆိုနေခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်က ယင်းနေရာကို ကလေးကစားကွင်းပြုလုပ်ရန်လျှောက်ထားပြီး အမှိုက်ပုံကို ဖယ်ရှားရှင်းလင်း သည့် အခါကျမှသာ အဆောက်အဦးဆောက်လုပ်ရန်ဆိုသည်ကို သိရကြောင်း တောင်ဥက္ကလာ၊ အမှတ် ၅ ရပ်ကွက်၊ ပလပ်မြေ ပြန်လည်ရရှိရေးကော်မတီအဖွဲ့ဝင် ဒေါ်နှင်းနှင်းလှက မဇ္ဈိမသို့ ပြောသည်။

" ဒီနေရာကို အမှတ် ၅ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက လျာထားပြီးသားနေရာကို ဘာကြောင့် ဒီလို အဆောက်အဦးလာဆောက်တာလည်းဆိုတာကို သိချင်တော့ အဆင့်ဆင့်စုံစမ်းတဲ့အခါမှာ ရပ်ကွက်အုပ်ချုပ် ရေးမှူးက ထပ်ဆင့်ထောက်ခံပေးလိုက်တဲ့အတွက် ၈ ထပ်ခွဲအဆောက်အအုံလာဆောက်တယ်ဆိုတာ သိရ တယ်၊ သိသိချင်းဘဲ အဲဒီမြေကွက်မှာမဆောက်ဖို့ ကောမတီဖွဲ့ပြီး ကစားကွင်းအဖြစ် ပြုလုပ်ပေးဖို့ကို ကန့်ကွက် စာ သက်ဆိုင်ရာ အသီးသီးကို စာတင်ခဲ့တယ်" ဟု ပလပ်မြေ ပြန်လည်ရရှိရေးကော်မတီအဖွဲ့ဝင် ဒေါ်နှင်းနှင်းလှ က ပြောသည်။

အဆိုပါမြေကို ၂၀၁၃ ခုနှစ်ကတည်းက အမျိူးသမီးကြီးတစ်ဦးနာမည်ဖြင့် အထူးဂရန်ထွက်ရှိထားပြီး အဆင့်ဆင့် လွှဲပြောင်းရောင်းချမှုများလည်း ရှိခဲ့သည်ဟု ရပ်ကွက်သူရပ်ကွက်သားများ၏   ပြောဆိုချက်အရသိရသည်။ ယင်း ကိစ္စနှင့်ပတ်သက်ပြီး ပလပ်မြေ ပြန်လည်ရရှိရေးကော်မတီအဖွဲ့က ၂၀၁၇ ခုနှစ်၊ ဧပြီလကတည်းက သက်ဆိုင်ရာ ဋ္ဌာနများသို့ ၆ ကြိမ်တိုင်တိုင် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်ကလည်း ၂၀၁၇ ခုနှစ် ရ လပိုင်းက အဆိုပါမြေကွက်လပ်တွင် ကလေး ကစားကွင်းတည်ဆောက်ပေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် မေးမြန်းခဲ့ပြီး ရန်ကုန်မြို့တော်ဝန် ဦး မောင် မောင်စိုးက ယင်းမြေနေရာကို ၂၀၀၂ - ၂၀၀၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက အမျိုးသမီးကြီးတစ်ဦးကို နှစ် ၆၀ မြေဂရန်ဖြင့် လေလံတင်ရောင်းချခဲ့သည်ဟု ပြန် လည်ဖြေကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ပလပ်မြေ ပြန်လည်ရရှိရေးကော်မတီက လက်မခံပေ။

အဆိုပါ ပလပ်မြေပေါ်တွင် အထပ်မြင့်အဆောက်အဦး ဆောက်လုပ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်သူ ရပ်ကွက်သားများက ၂၀၁၇ ခုနှစ်၊ မေလ ၁၂ ရပ်နေ့၌ တောင်ဥက္ကလာပမြို့နယ်၊ စည်ပင်သာယာရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး၊ ပြီးခဲ့သည့်ဇွန်လ ရ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာအဆင့်ဆင့် ထပ်မံတိုင်ကြားထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly