မန်းရေနံမြေအတွင်းရှိ မန်းချောင်းကူးတံတား (ချင်ထောင်/ဂွ) အား ယာယီပိတ်ထား

မန်းရေနံမြေအတွင်းရှိ မန်းချောင်းကူးတံတား (ချင်ထောင်/ဂွ) အား ယာယီပိတ်ထား

ဇွန် ၁၇ ၊ မကွေး ။            ။ မန်းချောင်းရေ တိုက်စားမှုကြောင့် မင်းဘူးမြို့နယ် မန်းရေနံမြေအတွင်းရှိ မန်းချောင်းကူးတံတား (ချင်ထောင်/ဂွ) အား ယာယီပိတ်ထားရကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၉ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန််းနေခြင်းကြောင့် မန်းချောင်းရေမြင့်တက်လာပြီး တံတားကမ်းကပ်ခုံ ရေတိုက်စားမှုကြောင့် ပြိုကျနိုင်သဖြင့် အများပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရန် ဇွန်လ (၁၅) ရက် နံနက်ပိုင်းမှစကာ သက်ဆိုင်ရာက ယာယီပိတ်ထားကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူှး ဦးစန်းဌေးက ပြောသည်။

"လောလောဆယ်တော့ ဆိုင်ကယ်တွေ ဖြတ်သန်းခွင့် ပေးထားပါတယ်၊ယာဉ်တွေကတော့ အန္တရာယ် မဖြစ်စေဖို့ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပါတယ်၊ ဒီနေ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အတူ ကွင်းဆင်းစစ်ဆေးအမြန်ဆုံး သွားလာလို့ရအောင် ဆောင်ရွက်သွားမှာပါ" ဟု ဦးစန်းဌေးက ပြောသည်။

မန်းချောင်းကူးတံတား ( ခြင်ထောင်/ဂွ) မှာ မင်းဘူး/စကုမြို့နယ်ရှိ ခြင်ထောင်၊ ကျွဲကျ၊ မန်းကျိုး၊ ကျောက်စံ၊ ကံသစ်၊ ကုလားပါး၊ ထုံးမကြီး၊ ထနောင်းကုန်း၊ ရွှေလှေ စသည့် ကျေးရွာများမှ မင်းဘူးမြို့သို့ သွားလာရာ အဓိကတံတားဖြစ်ကြောင်း သိရသည်။

အဆိုပါ မန်းချောင်းတံတားမှာ တံတားအကျယ် ၁၄ပေ ၆ လက်မ၊ အလျား ၃၆၀ ပေ၊ ခန်နိုင်ဝန် (၁၃) တန် ရှိပြီး (၁၉၇၅) ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly