မန္တလေးတိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် NLDမှ ၁၆ဦး အဆိုပြု

မန္တလေးတိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် NLDမှ ၁၆ဦး အဆိုပြု

ဇွန်၁၇ ။         ။ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ကနေ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်းက လစ်လပ်နေတဲ့ မဲဆန္ဒနေရာတွေကို ဝင်ရောက်အရွေးခံဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်း အဆိုပြုလျှောက်လွှာတင်သူ၁၆ ဦးရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးကပြောပါတယ်။

"သပိတ်ကျင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဆိုပြုလွှာ လျှောက်လွှာလာတင်တာ ကျွန်တော်တို့သိတာ ၆ ဦး၊နောက်တစ်ခုက မြင်းခြံ ပြည်သူ့လွှတ်တော်အတွက်က တင်တာ ၄ ဦးလောက်ပဲရှိတယ်။နောက်ရှမ်းတိုင်းရင်းသား ရေးရာအတွက်ကတော့ အခုကျွန်တော်တို့စီမှာ ရောက်နေတာက ၆ ဦးလောက်ရှိပါတယ်"လို့ ဦးတင်ထွဋ်ဦးကပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်လျာထားတဲ့ အစီအစဉ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကညွှန်ကြားထားတဲ့အတိုင်း အဆင့်ဆင့်ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မြို့နယ်အဆင့်စီစစ်တာပြီးဆုံးသွားတဲ့အတွက် ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာတော့ တိုင်းအဆင့်စီစစ်ရွေးချယ်တာတွေ ပြုလုပ်နေတယ်လို့ ဦးတင်ထွဋ်ဦးကဆိုပါတယ်။

ဆက်လက်ပြီး ဦးတင်ထွဋ်ဦးက"စီးစစ်တာတွေ ပြီးရင်ဒါကို လိုအပ်ချက်တွေပြင်ဆင်ပြီး ဗဟိုကို ၂၀ ရက်နေ့ အရောက်ပို့ပြီးလို့ရှိရင် ၂၀ ရက်နေ့နောက်ပိုင်း ဗဟိုက ကိုယ်စားလှယ်လောင်းရွေးချယ်စီစစ်တဲ့အလုပ်ကို ဆက်ပြီးတော့ ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ဒါကကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပါ။"လို့ပြောပါတယ်။

အဲဒါတွေဆောင်ရွက်ပြီးတာနဲ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့စည်းရုံးရေးတွေလုပ်ဆောင်သွားမယ်လို့ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ၄ နေရာ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အတွက် ၁ နေရာ၊တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၈ နေရာ လစ်လပ်နေပြီး ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required