ဗင်နီဇွဲလား ပါတီပွဲတစ်ခုမှာ လူအုပ်ပိမိလို့ ၁၇ ဦး သေ

ဗင်နီဇွဲလား ပါတီပွဲတစ်ခုမှာ လူအုပ်ပိမိလို့ ၁၇ ဦး သေ

ဇွန် ၁၇ ။            ။ ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့က ကလပ်တစ်ခုမှာ ဇွန်လ ၁၆ ရက်အစောပိုင်းက လူအုပ်လိုက်ပြုံတိုးမှု ဖြစ်ပြီး လူအချင်းချင်း ပိမိကြလို့ ၁၇ ဦး သေဆုံးသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ယင်း ကလပ်မှာ ပါတီပွဲ ကျင်းပနေချိန်မှာပဲ လူတစ်ယောက်က မျက်ရည်ယိုကျည်ဖူးတစ်ခုကို ဖောက်ခွဲလိုက်တာကြောင့် လူတွေ ၀ရုန်းသုန်းကား ပြေးကြားလွှားကြရင်းနဲ့ လူအုပ်ပိ သေဆုံးမှု   ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပွဲကျင်းပနေစဉ်မှာပဲ မျက်ရည်ယိုဓာတ်ငွေ့ပါ ကျည်ဖူး ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက် ကလပ်မှာ ရောက်နေတဲ့ လူ ၅၀၀ လောက်ဟာ ထွက်ပေါက်တွေဆီ အလုအယက် စုပြံုတိုးဝှေ့ထွက်ပြေးကြတဲ့အတွက် ယခုလို လူအုပ်ပိမိမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဗင်နီဇွဲလား ပြည်ထဲရေးနဲ့ တရားရေး ၀န်ကြီး နက်စတာ ရီဗာရောလ်က ပြောပါတယ်။

ယင်း ဖြစ်စဉ်မှာ သေဆုံးသူ ၁၇ ဦးထိ ရှိတယ်လို့ ၎င်းက အတည်ပြုပါတယ်။

တစ်ချိန်တည်းမှာပဲ မျက်ရည်ယိုဗုံး ဖောက်ခွဲခဲ့တယ်လို့ ယူဆရတဲ့ သံသယရှိ တစ်ဦးကိုလည်း တာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သေဆုံးသွားကြသူတွေကတော့ မျက်ရည်ယိုဓာတ်ငွေ့ကြောင့် အသက်ရှုကျပ်ခဲ့ကြရုံသာမက လူနင်းခံရလို့ ရတဲ့ ဒဏ်ရာဒဏ်ချက်တွေရောကြောင့် သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မှာ ဒဏ်ရာရသူ ငါးဦးထက်မနည်း ရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံကို တင်ပို့ပေးထားရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required