မကွေးတိုင်းတွင် စပါး၊ နှမ်းအပါအဝင် စိုက်ပျိုးသီးနှံဧက ၆၃၀၀၀ ကျော် ရေနစ်မြှုပ်လျက်ရှိ

မကွေးတိုင်းတွင် စပါး၊ နှမ်းအပါအဝင် စိုက်ပျိုးသီးနှံဧက ၆၃၀၀၀ ကျော် ရေနစ်မြှုပ်လျက်ရှိ

 

မကွေး၊ ဇွန် ၁၆ ။          ။ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံဧက ၆၃၀၀၀ ကျော် ရေနစ်မြှုပ်လျက်ရှိကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းအတွင်းမြို့နယ်(၁၂)မြို့နယ်မှ စပါး၊ နှမ်း၊ မြေပဲ နှင့် အခြား သီးနှံစိုက်ဧကပေါင်း ၆၃၁၉၂ ဧက ရေနစ်မြုပ်လျက်ရှိကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

ပွင်ဖြူမြို့နယ်တွင် စိုက်ဧက ၂၃၆၅၉ ဧက ၊မင်းဘူးမြို့နယ်တွင် ၁၅၄၀၂.၉၇ ဧက ၊စလင်းမြို့နယ်တွင် ၆၀၅၂ ဧက ၊ကံမမြို့နယ်တွင် ၅၆၄၆ ဧက ၊မြို့သစ်မြို့နယ်တွင် ၅၁၅၈ ဧက ၊စေတုတ္တရာမြို့နယ်တွင် ၄၈၇၈ ဧက ၊ မင်းတုန်းမြို့နယ်တွင် ၁၅၆၆ ဧက ၊ရေစကြိုမြို့နယ်တွင် ၃၇၈ ဧက ၊မြိုင်မြို့နယ်တွင် ၂၁၂ ဧက ၊ငဖဲမြို့နယ် တွင် ၁၄၆ ဧက ၊ ပေါက်မြို့နယ်တွင်  ၉၂ ဧက ၊ ပခုက္ကူမြို့နယ်တွင် ၂ ဧက တို့ အသီးသီး နစ်မြှုပ်နေခြင်း ဖြစ်သည်။

“ ရေနစ်မြှုပ်သွားတဲ့နေရာတွေမှာ သီးနှံတွေပျက်စီးဆုံးရှုံးသွားတယ်ဆိုရင် အစားထိုးသီးနှံစိုက်ပျိုးနိုင်ဖို့အတွက် မြေပဲစိုက်လို့လို့ရတဲ့နေရာတွေမှာ ၀ါဆိုပဲ(၃လပဲ)စိုက်မယ်။ နောက်တစ်မျိုးက ပဲတီစိမ်းရှိမယ်။ ၀ါရှိမယ်။ အစေ့ထုတ်ပြောင်း ရှိ မယ်။ အဲဒီ့သီးနှံ(၄)မျိုး အစားထိုးစိုက်ပျိုးနိုင်ဖို့ ကျွန်တော်စဉ်းစားထားတယ်။ မျိုးစေ့ထောက်ပံ့မှုပါမယ်။၀န်ဆောင်မှုပါမယ်။ စေ့စပ် ညှိနှိုင်းရှာဖွေပေးတာတွေပါမယ်ပေါ့။ အဲဒါတွေ လုပ်ပေးမယ်။ အစားထိုးသီးနှံအချိန်မီစိုက်ပျိုးရေးနဲ့ တောင်သူနစ်နာဆုံးရှုံးမှု မရှိ စေရေးလုပ်မယ်” ဟု မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်း က ပြောသည်။

စပါးသီးနှံမှာ ရေကျသွားလျှင်ပြန်ကောင်းလာနိုင်ပြီး ရေသွင်းလယ်နှမ်းများ ရက်ကြာကြာရေနစ်ပါက ပျက်စီး နိုင်ကာ ကုန်းတွင်းကျသည့် ယာနှမ်းများ မပျက်နိုင်ကြောင်း တိုင်းဦးစီးမှူးက သုံးသပ်ပြောသည်။

“ အစားထိုးသီးနှံစိုက်ပျိုးနိုင်ဖို့ အတွက် ဝါဆိုပဲလို့ခေါ်တဲ့ သုံးလမြေပဲ၊ ပဲတီစိမ်း၊ ဝါ၊ အစေ့ထုတ်ပြောင်း အဲဒီ (၄) မျိုးနဲ့ ဓာတ်မြေသြဇာတွေ အချိန်မီထောက်ပံ့ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ IRM က ထောက်ပံ့ထားတဲ့ ဓာတ်မြေသြဇာ အိတ် (၂၄၀၀၀) ကျော်ကလည်း မြို့နယ်တွေမှာ အသင့်ရောက်နေပါပြီ၊ ဓါတ်မြေသြဇာ ဖြည့်တင်းထောက်ပံ့တာရယ် ၊ မျိုးစေ့ထောက်ပံ့မှုအပိုင်းနဲ့ ဖြည့်စွက်ဝန်ဆောင်မှု အပိုင်းတွေ ပေးနိုင်မယ်ဆိုရင် ဒီမြေယာတွေကို အချိန်မီပြန်လည်စိုက်ပျိုးနိုင်မယ်ပေါ့ဗျာ၊ နောက်ပြီးတော့ သီးနှံစိုက်ပျိုးစရိတ် ချေးငွေတွေ အမြန်ဆုံးရရှိရေးအတွက် ထုတ်ပေးနိုင်မယ်ဆိုရင် တောင်သူတွေအတွက် ပိုအဆင်ပြေပြီး အထောက်အကူ ဖြစ်မှာပါ” ဟု တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

မကွေးတိုင်းဒေသကြီး၌ စပါး၊နှမ်း၊မြေပဲ နှင့် အမယ်စုံသီးနှံဧကပေါင်း လေးသိန်းငါးသောင်းကျော် စိုက်ပျိုးထား သည့် အနက်မှ ဧကခြောက်သောင်းကျော်ရေနစ်မြုပ်နေခြင်းဖြစ်ကာ မိုးရွာသွန်းမှုအခြေအနေအရ စာရင်းများကို မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာန ဆက်လက်ပြုစုလျက်ရှိပြီး ရေမြှုပ်ဧက ခြောက်သောင်းကျော်အနက် စပါး(၄၆၆၀.၄၉) ဧက ၊ နှမ်း (၅၀၂၆၁.၉၈)ဧက ၊ မြေပဲ(၆၃၁)ဧက ၊ ပဲတီစိမ်း(၅၂၉၆.၅)ဧက နှင့် အခြားအမယ်သီးနှံပေါင်း(၂၃၄၂.၀၃)ဧကတို့ ရေနစ်မြှုပ်နေခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဆိုင်ရာ မှတ် တမ်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly