သက်ငယ်မုဒိမ်းနှင့်ပတ်သက်ပြီး သေဒဏ်ပေးပါက နှုတ်ပိတ်သည်အထိဖြစ်နိုင်ဟု ဆို

သက်ငယ်မုဒိမ်းနှင့်ပတ်သက်ပြီး သေဒဏ်ပေးပါက နှုတ်ပိတ်သည်အထိဖြစ်နိုင်ဟု ဆို

 

ရန်ကုန်၊ ဇွန်လ ၁၆ ။                              ။ သက်ငယ်မုဒိမ်းမှုအား သေဒဏ်ပေးမည်ဆိုပါက ကျူးလွန်သူက အဓမ္မပြုကျင့်သည့်အပြင် နှုတ်ပိတ်သည် အထိပင်ဖြစ်နိုင်သည်ဟု လှိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးကပြောသည်။

ယနေ့ ဇွန်လ ၁၆ ရက်နေ့၊ ရန်ကုန်၊ လှိုင်မြို့နယ်၊ MICT PARK ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါး နှင့် သက်ငယ်မုဒိမ်းပပျောက်ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် ဦးအောင်ကျော်ကျော်ဦးက မီဒီယာများမေး မြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ သက်ငယ်မုဒိမ်းသေဒဏ်ပေးတဲ့အတွက်ကို မုဒိမ်းသမားက မုဒိမ်းကျင့်နေတဲ့အခါ သူ့ရဲ့အတွေးထဲမှာ သူက ဖော်လိုက်ရင် ငါသေဒဏ်ပေးခံရမယ်။ အဲ့ဒီတော့ သူ့ကိုတစ်ခါတည်း နှုတ်ပိတ်ရမယ်ဆိုတဲ့ အတွေးမျိုးဝင် သွားနိုင်တယ်။ ဒီလိုအတွေးမျိုးဝင်သွားပြီးတော့ မုဒိမ်းလည်းကျင့် လူလည်းသတ်ဆိုတဲ့ အဖြစ်မျိုးတွေ ဖြစ် လာနိုင်တယ်။ ကျွန်တော်တို့က အဲ့ဒီတစ်ခုတည်းနဲ့တင် ဒီသက်ငယ်မုဒိမ်းမှုကို မတားဆီးနိုင်ဘူးလို့ ယုံကြည် တယ်”ဟု ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

ယနေ့ ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အထက်တန်းပြဆရာမတစ်ဦးက သက် ငယ်မုဒိမ်းကျူးလွန်သူများမှာ ကလေးငယ်များ၏ ဘဝ၊ အနာဂတ်များကို ဖျက်စီးပစ်သူဖြစ်သဖြင့် သေဒဏ်သာ ပေးသင့်ကြောင်း ပြောဆိုခဲ့သည်။

“ မသိတတ်သေးတဲ့ အရွယ်ကလေးတွေကို ဒီလိုသက်ငယ်မုဒိမ်းတွေ ပြုမှုတဲ့အတွက်ကြောင့် ကျွန်မတို့က သေဒဏ်ပဲ ပေးစေချင်တာရှင့်။ ဘာဖြစ်လို့လဲဆိုတော့ လူ့ပြည်မှာရှိလည်း အလကားပဲ။ သူတို့က မကောင်းမှု တွေကို ပြုလုပ်နေတာဖြစ်တယ်။

ကိုယ့်ရဲ့စိတ်ခံစားမှုတစ်ခုအတွက် ဒီကလေးတွေကို အသုံးချသွား တာဖြစ်တဲ့ အတွက်ကြောင့် ကလေးတွေဘဝတစ်ခုလုံးကို ပျက်စီးသွားစေပါတယ်။ ဒါကြောင့် အဲ့ဒီလူတွေကို အသေသာ သတ်ပစ်စေချင်တာ”ဟု TSEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်နီလာဦးက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် သက်ငယ်မုဒိမ်းပပျောက်ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် လှိုင်မြို့နယ်၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးအပါအဝင် မူးယစ် အထူးရဲတပ်ဖွဲ့၊ စာရေးဆရာမဂျူး၊ အကယ်ဒမီဆွေဇင်ထိုက်၊ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေနှင့် စာရေးဆရာ/ ဒါရိုက်တာမင်းတော်ဝင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

“ သက်ငယ်မုဒိမ်းက အရင်ကထက် ပိုပိုများလာတယ်။ ပြစ်ဒဏ်တွေချတယ်ဆိုပေမယ့်လည်း လူတွေက လုပ် တာလုပ်တာပဲ။ အဲ့တော့ ကိုယ့်ရဲ့သားသမီးတွေကို ကိုယ်ကိုယ်တိုင်ထိန်းနိုင်မှ။   နောက်ပတ်ဝန်း ကျင်ကိုလည်း အယုံမထားရဘူးပေါ့နော်။ အရင်တုန်းက သက်ငယ်မုဒိမ်းဆိုရင် အရက်မူးတဲ့သူတွေ၊ မူးယစ်ဆေးဝါး အလွန် အကျွံသုံးတဲ့သူတွေ ဖြစ်တာများတယ်ပေါ့။ ဒါပေမယ့် အခုပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ဒါတွေမသုံးဘဲ လုပ်တာတွေ တွေ့ရတယ်။ အရက်မမူးလည်းလုပ်တာပဲ။ လုပ်ချင်လို့ကို ကလေးတွေ စမ်းသပ်ပြီးတော့ လုပ်ကြတာတွေရှိတယ်”ဟု စကားဝိုင်းတွင် ဝင်ရောက်ဆွေးနွေးခဲ့သည့် သရုပ်ဆောင် ခိုင်နှင်းဝေကပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး နှင့် သက်ငယ်မုဒိမ်းပပျောက်ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန် အနောက် ပိုင်းခရိုင် လှိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းမှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်တွင် ၄၂၉ မှုဖြစ်ပွားခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ၅ဝ၈ မှုထိ ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းမှာ ၂ဝ၁၆ ခုနှစ်ထက် ၂ဝ၁၇ ခုနှစ်တွင် ရ၉ မှုထိတိုးမြင့်လာကြောင်း တွေ့ရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ၂ဝ၁၇ ခုနှစ်၌ သက်ငယ်မုဒိမ်းမှု ၈၇ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ရ၈ မှုဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required