အီးဒ်နေ့အထိမ်းအမှတ် ရန်ကုန်ဆေးရုံကြီးမှလူနာ ၂၀၀၀ အတွက် နေ့လယ်စာလှူဒါန်း

အီးဒ်နေ့အထိမ်းအမှတ် ရန်ကုန်ဆေးရုံကြီးမှလူနာ ၂၀၀၀ အတွက် နေ့လယ်စာလှူဒါန်း
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်၊ ဇွန် ၁၆ ။                   ။ ဇွန်လ ၁၆ ရက်နေ့မှကျရောက်တဲ့ ၀ါကျွတ်အီးဒ်နေ့မှာ ကျိုလီယာမွတ်စလင်သာသနာရေးအဖွဲ့ကနေပြီး ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့လူနာအားလုံးဖြစ်တဲ့ လူ ၂၀၀၀ စာအတွက် နေ့လယ်စာထမင်းလှူဒါန်းမှုကိုပြုလုပ်ခဲ့ပါတယ်။

အစ္စလာမ်ဘာသာရေးနေ့ဖြစ်တဲ့အီးဒ်နေ့မှာ တခြားသူတွေကိုလည်း ပျော်ရွင်စေချင်လို့ လှုဒါန်းတာဖြစ်တယ်လို့ အလှူရှင်တွေက ပြောပါတယ်။

“ ဒီနေ့က ပထမဆုံးအကြိမ်အနေနဲ့အီးဒ်နေ့ပေါ့နော်။ အီးဒ်နေ့ဆိုတာ မွတ်စလင်လူထုတစ်ရပ်လုံးကပျော်ရွင်တဲ့နေ့ရက်ပေါ့။ အဲ့အတွက် လူနာတွေကိုလည်း ကျွန်တော်တို့နဲ့ထပ်တူ ထပ်မျှပျော်ရွင်မှုရှိအောင်ဆိုပြီးလာရောက် လှူဒါန်းခြင်းဖြစ်ပါတယ် “  လို့ ဒုဥက္ကဋ္ဌ ဦးခင်မောင်ဝင်းပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ တတ်ရောက်ကုသနေတဲ့ လူနာစုစုပေါင်းနှစ်ထောင်လောက်ရှိတယ်လို့သိရပါတယ်။ လှူဒါန်းနိုင်ဖို့အတွက် စုစုပေါင်းသိန်း၃၀ ၀န်းကျင်လောက် အသုံးပြုထားတာလို့လည်းသိရပါတယ်။

ကျိုလီယာမွတ်စလင်သာသနာရေးအဖွဲ့ကအနေနဲ့ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုးလှူဒါန်းနိုင်ဖို့အတွက်ကြိုးစားသွားမယ်လို့ သူကဆက် ပြောပါ တယ်။

“ စီမံဌာနကနေကျွန်တော်တို့ကိုပြောတာ ကုတင် ၂၀၀၀ ရှိတယ်ဆိုလို့အယောက် ၂၀၀၀ စာကိုလာရောက်ခြင်းဖြစ်ပါတယ်ပေါ့။အသင်းကနေပြီး အဖွဲ့ဝင်တွေ ကနေပြီး ရံပုံငွေနဲ့လှူတာ အသင်းပိုက်ဆံမဟုတ်ပါဘူး။ ကိုယ်ပိုင်ပိုက်ဆံနဲ့အသင်းသားတွေစုပြီးလာရောက်လှူဒါန်းတာဖြစ်ပါတယ် “လို့ ဦးခင်မောင်ဝင်းကဆိုပါတယ်။

ဒီအဖွဲ့ကို ၁၉၇၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး  ၁၉၉၄ခုနှစ် မှာအခမဲ့ဆေးခန်းတစ်ခုကိုလည်း ဗိုလ်ဆွန်ပက်လမ်းမှာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက်မွေး ၀မ်းကျောင်းသင်တန်းတွေကိုလည်း ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

အခုလိုမျိုး ပရဟိတလုပ်ငန်းတွေလုပ်ဆောင်နေရတာက ဘာသာမရွေး၊ လူမျိုးမရွေးပဲ မြန်မာနိုင်ငံအတွက် တစ်စုံတစ်ခုဖြစ်ဖြစ်အကျိုးပြု စေချင်လို့ ဖြစ်တယ် လို့ လည်း ဒုဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required