နီကာရာဂွါတွင် လူပေါင်း ၁၆၀ သေဆုံးသည့် ပဋိပက္ခများ အဆုံးသတ်ရေး ကက်သလစ်ဘုန်းကြီးများ တိုက်တွန်း

နီကာရာဂွါတွင် လူပေါင်း ၁၆၀ သေဆုံးသည့် ပဋိပက္ခများ အဆုံးသတ်ရေး ကက်သလစ်ဘုန်းကြီးများ တိုက်တွန်း

 

မာနာဂွါ၊ ဇွန် ၁၆ ။                      ။ နီကာရာဂွါနိုင်ငံတွင် လူပေါင်း ၁၆၂ ဦး အနည်းဆုံး သေဆုံးပြီဖြစ်သည့် ဖြစ်တည်နေသော ပဋိပက္ခများ အဆုံးသတ်ရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာ  အရပ်ဖက်အဖွဲ့အစည်းများက ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေးကို ဦးတည်လုပ်ဆောင်ရန် အထင်ကရ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီးများက ဆော်သြထားသည်။

ဗဟိုအမေရိကနိုင်ငံ နီကာရာဂွါမှ ကက်သလစ်ဘုန်းကြီးများသည် ယခုသီတင်းပတ်အစောပိုင်းက နံနက် ၁၀ နာရီ စည်းဝေးပွဲကို စီစဉ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ၎င်းတို့၏ ဖြန့်ဖြေရေးအဆိုပြုချက်နှင့် ပြဿနာဝိုင်းနေသော သမ္မတ ဒန်နီယယ်အော်တီဂါ၏ ရေရှည်စောင့်နေရသော တုံ့ပြန်ချက်တို့ကို တင်ပြရန် စီစဉ်ထားခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်လကျော်မှ စတင်ဖြစ်ပွားသည့် အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများအတွင်း သေဆုံးသူဦးရေသည် ၁၆၂ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ပြီးခဲ့သည့် ညနေက နီကာရာဂွါလူ့အခွင့်အရေးစင်တာက ထုတ်ပြန်သည်။

အရပ်ဖက်လုံခြံုရေး ပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင်သည့် ဆန္ဒပြမှုကို အစိုးရက ဖြိုခွင်းချိန် ဧပြီ ၁၈ ရက်မှ အစပြုကာ ဆန္ဒပြမှုများက ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

“အော်တီဂါဟာ နီကာရာဂွါပြည်သူတွေကို ဆန့်ကျင်ပြီး သူ့ရဲ့ ရာဇဝတ်မှုမြောက် မူဝါဒတွေကို ဆက်လက်ကျင့်သုံးနေတယ်။ ပြည်သူတွေက သူ့ကို နုတ်ထွက်ဖို့ တောင်းဆိုနေတဲ့ကြားက အာဏာကို ဖက်တွယ်နေတာပဲ။”ဟု ကျောင်းသားသမဂ္ဂညွန့်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ် ဆိုလစ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required