ကမ္ဘာ့ဖလားမစမီ လိုပက်တီဂွီကို နည်းပြခန့်သည့် သတင်းထုတ်လိုက်ခြင်းအား ရီးယဲလ် ရှင်းလင်း

ကမ္ဘာ့ဖလားမစမီ လိုပက်တီဂွီကို နည်းပြခန့်သည့် သတင်းထုတ်လိုက်ခြင်းအား ရီးယဲလ် ရှင်းလင်း

ဇွန် ၁၅၊ မက်ဒရစ်။            ။ ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်က စပိန်ကလပ်အနေဖြင့် ကမ္ဘာ့ဖလားမတိုင်မီ လိုပက်တီဂွီကို နည်းပြခန့်သည့်သတင်း ထုတ်ပြန်လိုက်ခြင်းမှာ ပြိုင်ပွဲကာလအတွင်း သတင်းပေါက်ကြားမှုကို ရှောင်လို၍ဖြစ်သည်ဟု ပြောသည်။

နိုင်ငံလက်ရွေးစင်အသင်းကို နှစ်နှစ်နီးပါး ကိုင်တွယ်ပြီးနောက် လိုပက်တီဂွီသည် ဗုဒ္ဓဟူးနေ့တွင် စပိန်ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။

လိုပက်တီဂွီကို နည်းပြအဖြစ်ခန့်အပ်လိုက်ကြောင်းနှင့် ကမ္ဘာ့ဖလားအပြီးတွင် အသင်းကိုစတင်တာဝန်ယူမည်ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်း၏ ကြေညာမှုကို စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတချို့က စိတ်ပျက်ခဲ့ကြသည်။

သို့သော် ယခုအခါတွင် ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က ရုရှတွင်ကျင်းပနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ကောလာဟလများထွက်ပေါ်မှုကို ရှောင်ရှားရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်ဟု ဖြေရှင်းခဲ့သည်။

“ကမ္ဘာ့ဖလားဗိုလ်စွဲဖို့နဲ့ ရီးယဲလ်မက်ဒရစ်ကို နည်းပြဖို့ဆိုတဲ့ သိပ်ကိုပြီးပြည့်စုံပြီး လိုက်ဖက်တဲ့ အိပ်မက်နှစ်ခုကို ပိုင်ဆိုင်ထားမယ်။ ဝိရောဓိဖီလင်ကို ခံစားရမယ်။

ကျွန်တော်တို့ ကမ္ဘာ့ဖလားမတိုင်မီ မြန်မြန်ဆန်ဆန်ပဲ သဘောတူချင်ခဲ့ကြတယ်။ ကောလာဟာလတွေကိုရှောင်ဖို့နဲ့ ပွင့်လင်း မြင်သာရှိအောင် လုပ်ချင်လို့ပါ”ဟု ပီရက်ဇ်က ပြောသည်။

လိုပက်တီဂွီသည် ရီးယဲလ်မက်ဒရစ်နည်းပြအဖြစ် တရားဝင်သတင်းစာရှင်းလင်းပွဲကို ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံရခြင်းမှာ ဘဝတွင် ဝမ်းနည်းစရာအကောင်းဆုံးနေ့များထဲမှ တစ်နေ့ဖြစ်သည်ဟု ပြောသည်။

“မနေ့ကတော့ ကျွန်တော့်အမေ ကွယ်လွန်တဲ့နေ့ပြီးရင် ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံး နေ့ဖြစ်ခဲ့ပြီး ဒီနေ့ကတော့ အပျော်ဆုံးနေ့ပါ။

စိတ်လှုပ်ရှားစရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ပြီး ကျွန်တော့်ကိုယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ၊ ကျေးဇူးတင်ပါတယ် ရီးယဲလ်မက်ဒရစ်။ ဒီတာဝန်ကို ကျွန်တော် သိပ်ဂုဏ်ယူ လက်ခံမှာပါ”ဟု လိုပက်တီဂွီက ပြောသည်။

ရီးယဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား သုံးကြိမ်ဆက် ရယူပေးပြီးနောက် နုတ်ထွက်သွားသည့် အသင်းဂန္ထဝင် ဇီဒန်း၏နေရာကို အသက် ၅၁ နှစ်အရွယ် စပိန်လူမျိုးနည်းပြ လိုပက်တီဂွီက ဆက်ခံခြင်းဖြစ်သည်။

Ref; sportslens

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required