မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးကို အလေးပြုမှုကြောင့် ဒေါ်နယ်ထရမ့် ဝေဖန်ခံနေရ

မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးကို အလေးပြုမှုကြောင့် ဒေါ်နယ်ထရမ့် ဝေဖန်ခံနေရ

 

ဇွန် ၁၅ ။            ။ ပြီးခဲ့တဲ့ သမိုင်းဝင် စင်ကာပူ ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ တွေ့ဆုံနှုတ်ဆက်စဉ် အလေးပြုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အပြုအမူအပေါ် ဝေဖန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဇွန်လ  ၁၂ ရက်နေ့က စင်ကာပူမှာ အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်ဘက်တာဝန်ရှိသူတွေ တွေ့ဆုံကြရာမှာ ကင်မ်က ၎င်းနဲ့အတူလိုက်ပါလာတဲ့ အဖွဲ့နဲ့ ထရမ့်ကို မိတ်ဆက်ပေးစဉ် ခုလို ကမောက်ကမ အခြေအနေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ကင်မ်က မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးနဲ့ ထရမ့်ကို မိတ်ဆက်ပေးခဲ့ရာမှာ ထရမ့်က လက်ဆွဲနှုတ်ဆက်ဖို့ ပြင်လိုက်ပေမယ့် မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးဘက်က အလေးပြုခဲ့တာ ဖြစ်ပါတယ်။

ယင်းအချိန်မှာလည်း ထရမ့်ဘက်က ကမန်းကတန်း ပြန်ပြီး အလေးပြုခဲ့ရတာဖြစ်ပါတယ်။

ယင်းကမောက်ကမ အခိုက်အတန့်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုကို မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ပြသခဲ့ပါတယ်။

ယင်းလိုမျိုး ထရမ့်ရဲ့ လုပ်ရပ်အပေါ် ပြည်တွင်းက ဝေဖန်သူတစ်ချို့ကတော့ မနှစ်မြို့ခဲ့ကြပဲ ပေါ်ပေါ်ထင်ထင်ပဲ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

" မြောက်ကိုရီးယားတို့အနေနဲ့ သူတို့ရဲ့ ၀ါဒဖြန့် ကမ်ပိန်းအတွက် ကျွန်တော်တို့ သမ္မတကြီးကို အသုံးချသွားတယ်လို့ ပြောရင် ဘယ်သူမှ အံ့သြမယ် မထင်ပါဘူး" ဆိုပြီး ဒီမိုကရက်တစ် ဆိနိတ်အမတ် ခရစ် ဗန် ဟိုလန်က တွစ်တာကနေတဆင့် ဝေဖန်သွားပါတယ်။

ဒါပေမယ့်လည်း ယခုလို ဝေဖန်မှုတွေနဲ့ပတ်သက်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဆာရာ ဆန်းဒါးစ်ကတော့ သမ္မတထရမ့်အနေနဲ့ ယင်းအခြေအနေမှာ ယဉ်ကျေးပျူငှာတဲ့ သဘောကိုသာ ပြသခဲ့ခြင်း ဖြစ်ကြောင်း ခုခံပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required