ဆောက်လုပ်ရေးအစိတ်အပိုင်းပစ္စည်းများ ကုန်စည်ပြပွဲ INTERMAT ASEAN 2018 ကို ဘန်ကောက်တွင် ကျင်းပမည်

ဆောက်လုပ်ရေးအစိတ်အပိုင်းပစ္စည်းများ ကုန်စည်ပြပွဲ INTERMAT ASEAN 2018 ကို ဘန်ကောက်တွင် ကျင်းပမည်

ဇွန် ၁၅။        ။ အရှေ့တောင်အာရှဒေသအတွင်း၌ နိုင်ငံတကာအဆင့်မီ ဆောက်လုပ်ရေးနှင့် ဆောက်လုပ်ရေး အစိတ်အပိုင်းပစ္စည်းများ ကုန်စည်ပြပွဲ INTERMAT ASEAN 2018 ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၄ ရက် Melia Yangon Hotel တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံရှင်းလင်း ပွဲမှ သိရသည်။

"Customer တွေက တစ်ခြား ဘရန်းနဲ့ ကျွန်တော်တို့ဘရန်း နှိုင်းယှဉ်လေ့လာနိုင်အောင် မနှစ်က သွားရောက်ခဲ့တယ်။ Customer ၁၀ဦး ခေါ်သွားခဲ့ပါတယ်။ INTERMAT ASEAN က မျော်မှန်းထားတာထက် ပိုကြီးကျယ်ပါတယ်။ အင်တာနယ်ရှင်နယ် Brand ပေါင်း ၃၀၀ ကျော်ရှိတယ်။ " ဟု Myanmar Synergy ကုမ္ပဏီမှ Chief Operation Officer ဦးတင်ကိုဝင်းက ပြောသည်။

INTERMAT ASEAN ကုန်စည်ပြပွဲသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများ၊ အခြားသော ပစ္စည်းများနှင့် ပတ်သတ်ပြီး အရှေ့တောင်အာရှတွင် နိုင်ငံတကာအဆင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရားကုမ္ပဏီ ၃၀၀ကျော် ပါ၀င်ပြသမှာဖြစ်ပြီး ပြပွဲတက်ရောက်သူ အရေအတွက် ၅၀၀၀ ခန့်ရှိ ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် INTERMAT ASEAN ကုန်စည်ပြပွဲကို ပြင်သစ်ကုန်သည်ကြီးများအသင်းနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းက ကိုယ်စားပြုဆောင်ရွက်သည်။ မြန်မာဆောက်လုပ်ရေးကဏ္ဍသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း တစ်နှစ်လျှင် ၁၁ ဒသမ ၅ ရာခိုင်နှုန်း ၀န်းကျင် တိုးတက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၈ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း INTERMAT ASEAN 2018 မီဒီယာတွေ့ဆုံရှင်းလင်း ပွဲမှ သိရသည်။

"ဆောက်လုပ်ရေးဖွံ့ဖြိုးဖို့ အခု ထိုင်းမှာလုပ်မယ့် ပြပွဲကို ဖိတ်တယ်။ ဒီပြပွဲကလည်း ပြပွဲကြီးတွေထဲက တစ်ခုပေါ့။ ဖွံ့ဖြိုးရေးကို နိုင်ငံတော်ကလည်း ဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ ဆောက်လုပ်ရေး က လောလောဆယ် မှာ တုံ့နှေးနေတယ်ပေါ့။ နှေးနေတဲ့အချိန်မှာ ဒါကို ဖွ့ံဖြိုးလာဖို့ကိုလည်း ကျွန် တော်တို့ MCEA အသင်းအနေနဲ့ လည်း တစ်စိုက်မတ်မတ်ကြိုးစားနေတာ ဖြစ်တဲ့အတွက် မကြာခင်မှာ ဖွ့ံဖြိုးလာဖို့ အလားအလာတွေရှိပါတယ်" ဟု ဦးသိန်းဟန် (မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ဒုတိယဥက္ကဌ) က ပြောသည်။

INTERMAT ASEAN 2018 ပြပွဲသို့ နိုင်ငံပေါင်း ၄၃ နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိသူများ၊ ကောင်စီအဖွဲများနှင့် အရှေ့တောင်အာရှနိုင်ငံများမှ   ဆောက်လုပ်ရေးလုပ်ငန်း နယ်ပယ်နှင့် ဆက်စပ်သော လုပ်ငန်းရှင် ၁၀၀ကျော် ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ ပါ၀င်တက်ရောက်မည့် လုပ်ငန်းရှင်များအတွက်လည်း လုပ်ငန်းတိုးတက်မှု ဆိုင်ရာ နည်းပညာနှင့် အခွင့်အလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly