ဖက်ဒရယ်စနစ်တွင် နိုင်ငံရေးကဲ့သို့ စီးပွားရေးဆိုင်ရာအာဏာခွဲဝေမှုလည်းအရေးကြီးဟုဆို

ဖက်ဒရယ်စနစ်တွင် နိုင်ငံရေးကဲ့သို့ စီးပွားရေးဆိုင်ရာအာဏာခွဲဝေမှုလည်းအရေးကြီးဟုဆို

ရန်ကုန်၊ ဇွန် ၁၄ ။          ။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် နိုင်ငံရေးဆိုင်ရာ အာဏာခွဲဝေမှုအပြင် စီးပွားရေးဆိုင်ရာ အာဏာ ခွဲဝေမှုသည်လည်းအရေးကြီးကြောင်း တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ) ENAC က အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်က ပြောဆိုလိုက်သည်။

တိုင်းရင်းသားဒေသများဖွံဖြိုးရေးအတွက် စီးပွားရေးဆိုင်ရာအာဏာခွဲဝေမှုသည် အရေးကြီးသော်လည်း ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ နှစ်ကြိမ်လုံးတွင် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် ပက်သက်၍ အသေးစိတ်ဆုံးဖြတ်ချက်ချခဲ့မျိုးခြင်းမရှိ ကြောင်းလည်း ၄င်းကပြောသည်။

“ ဒုတိယညီလာခံမှာ စီးပွားရေးနဲ့ပက်သက်တဲ့ဆုံးဖြတ်ချက်တွေလည်းကျတယ်။ ဒါပေမယ့် အဲ့ဒီ့ဟာကလုံလောက်မှုမရှိဘူး။ အသေးစိတ်လည်းမဟုတ်ဘူး။ ယေဘူယျဆန်လွန်းတယ်။ ဒါကြောင့် လာမယ့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ကျရင်တော့ ကျွန်တော်တို့ အသေးစိတ်ဆုံးဖြတ်ချက်ချမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အကျိုးရှိမယ်လို့မျှော်လင့်တယ်” ဟု ENAC က အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန် က ပြောဆိုလိုက်သည်။

ဇွန်လ ၁၄ ရက်နေ့ ရန်ကုန်မြို့ရှိ Green Hill Hotel တွင် တိုင်းရင်းသားလူမျိုးများရေးရာစင်တာမှ ဦးဆောင်ပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ် (အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ   ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စဉ်းစားချက်များ)  စာအုပ်မိတ်ဆက်ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါစာအုပ်ရေးသားထုတ်ဝေရန်အတွက် အချိန်ကာလအားဖြင့် ၆ လခန့်ယူခဲ့ရပြီး  ဘဏ္ဍာရေးကျွမ်းကျင်သည့် ပြည်တွင်း/ ပြည်ပပညာရှင်များ၏ အကြံပြုချက်များကိုလည်း ကိုးကားခဲ့ရသည်ဟု ENAC မှ သုတေသီ နန်းအေးအေးသွယ် ကပြောသည်။

ဘဏ္ဍာရေးဖက်ဒရယ်စနစ်စာအုပ်တွင် ဇူလိုင်လအတွင်းကျင်းပရန်ရှိနေသည့် ၂၁ ရာစုပင်လုံတွင်တင်ပြနိုင်ရန်အတွက် အသုံးစရိတ်နှင့် ပက်သက်သည့် အကြံပြုချက် ၅ချက်၊ အခွန်ဆိုင်ရာလုပ်ပိုင်ခွင့်အာဏာခွဲဝေမှု နှင့်ပတ်သက်သည့် အကြံပြုချက် ၅ချက်၊ အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေလွဲပြောင်း မှုနှင့်ပတ်သက်သည့် အကြံပြုချက် ၅ ချက် အပါအဝင် စုစုပေါင်းအကြံပြုချက် ၁၅ ချက်ထည့်သွင်းထားကြောင်းသိရသည်။

လက်ရှိတွင် စာအုပ် ၅၀၀၀ ကိုရိုက်နှိပ်ထားပြီး ၂၁ ပင်လုံတတိယအကြိမ်တွင် တတ်ရောက်မည့် ပုဂ္ဂိုလ်များအပြင် နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချနိုင် သူများထံလည်း အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly