မိုးကုတ်တွင် မြေပြိုပြီး လူ ၅ ဦးသေဆုံးခဲ့သည့်အတွက် အိမ်ခြေ ၅ဝ ခန့်အား ပြောင်းရွှေ့ထား

မိုးကုတ်တွင် မြေပြိုပြီး လူ ၅ ဦးသေဆုံးခဲ့သည့်အတွက် အိမ်ခြေ ၅ဝ ခန့်အား ပြောင်းရွှေ့ထား
(ဓာတ်ပုံ၊စိုင်းဝေယံ)

ရန်ကုန်၊ ဇွန်လ ၁၄ ။         ။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အနောက်ပိုင်းရှိ အောင်သစ်လွင်ဘုန်းကြီးကျောင်း အနီး မြေပြိုမှုဖြစ်ပွား ခဲ့ပြီး လူ ၅ ဦးသေဆုံးခဲ့သည့်အတွက် အနီးပတ်ဝန်းကျင်ရှိ အိမ်ခြေ ၅ဝ ခန့်အား ပြောင်းရွှေ့ထားကြောင်း မိုးကုတ်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က မဇ္စျိမသို့ ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲအုပ်စု၊ အောင်သစ်လွင်ရပ်ကွက်မှာ ဇွန်လ ၁၄ ရက်၊ နံနက် ၂ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃ လုံး မြေပြိုကျတဲ့အထဲ ပါသွားခဲ့ရာ နေအိမ်အတွင်း လူကြီး ၂ ဦး၊ ကလေးငယ် ၃ ဦး စုစုပေါင်း ၅ ဦး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ မိသားစုပေါ့နော် အမေရယ်၊ သားရယ်၊ သမီးရယ်၊ ပြီးတော့ သူ့မောင်လေးရယ်၊ ဧည့်သည် ကောင်လေး တစ်ယောက်ရယ် အားလုံးပေါင်း ၅ ယောက်ဆုံးသွားပါတယ်။ လက်ရှိအခြေအနေတော့ ကျွန်တော်တို့ အဲ့ဒီ ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ခြေ ၅ဝ လောက်ကို ကျွန်တော်တို့က ရွှေ့ပြောင်းပြီးတော့ တရုတ်ဘုံကျောင်းမှာ ခေတ္တယာယီ တည်းခိုနေပါတယ်။ နောက်ရပ်ကျေးက စေတနာရှင်များက ထောက်ပ့ံ ကျွေးမွေးထားပါတယ်”ဟု ဦးစောသောင်းတင်က ပြောသည်။

လူ ၅ ဦးထိသေဆုံးခဲ့သော မြေပြိုမှုမှာ မိုးမပြတ်ရွာသွန်းနေမှုကြောင့် အပေါ်တောင်စောင်းရှိ မြေများအိကာ ပြိုကျခဲ့ခြင်းဖြစ်ပြီး အခြားနေအိမ်များရှိ အိမ်သားများမှာ ညကတည်း ရွှေ့ပြောင်းသွားသည့်အတွက် ထိခိုက်မှု မရှိကြောင်း သိရသည်။

“ ကျွန်တော်တို့ဆီက တောင်ကုန်းတွေများတယ်။ ဆင်ခြေလျှောတွေများတယ်။ အဲ့ဒီပေါ်မှာပဲ ဖြစ်ကတက်ဆန်း အိမ်ဆောက်နေကြတာပေါ့။ ဒီက မိုးကများတော့ မြေအိပြီးတော့ ပြိုကျသွားတာပေါ့”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောသည်။

အဆိုပါ မြေပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြောင်းရွှေ့ထားသည့် အိမ်ထောင်စု ၅ဝ ၊ လူဦးရေ ၃ဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအဖွဲ့မှ သွားရောက်တွေ့ဆုံပြီး ကူညီထောက်ပံ့ပစ္စည်းမျာ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly