ဘားအံစက်မှုဇုန်အနီး စုပေါင်းအိမ်ယာ တစ်လ ၃ သောင်းကျပ်ဖြင့် အရစ်ကျရောင်းပေးမည်

ဘားအံစက်မှုဇုန်အနီး စုပေါင်းအိမ်ယာ တစ်လ ၃ သောင်းကျပ်ဖြင့် အရစ်ကျရောင်းပေးမည်
IM ဥက္ကဌ ဦးသန်းဦးမှ စီမံကိန်းနမူနာပုံစံနှင့်အတူ ရှင်းလင်းပြောကြား။ (Photo - ဇော်ခမ်ဟိန်း-မဇ္စျိမ)

စက်တင်ဘာ ၁ ။       ။ ဘားအံစက်မှုဇုန်အနီးရှိ မြေလွတ်မြေရိုင်း ဧက ၂၀ ပေါ်တွင် The Infrastructure of Myanmar ကုမ္ပဏီနှင့် မြဌေးကြွယ်လင်းကုမ္ပဏီတို့ ပူပေါင်းအကောင်အထည်ဖော်မည့် စုပေါင်း အိမ်ယာစီမံ ကိန်းမှ ပေ ၂၀ x ၃၀ တိုက်ခန်းတစ်ခန်းလျှင် တစ်လ ၃သောင်းကျပ်ဖြင့် နှစ် ၃၀ အရစ်ကျ ရောင်းချ ပေးမည်ဟု IM ကုမ္ပဏီ၏ ကရင်ပြည်နယ်တာဝန်ခံ ဦးမောင်မောင်ဝင်း ကပြောသည်။

ဘားအံမြို့ မှ ၅ မိုင်ခန့်အကွာရှိ ယင်းစီမံကိန်းမှ အခန်းပေါင်း ၂၅၆၀ ခန်းရောင်းချပေးမည်ဖြစ်ပြီး တစ်ခန်းလျှင် နှစ် ၃၀ အရစ်ကျဝယ်လျှင် ကျပ် ၁၀၈ သိန်း ကျသင့်မည် ဖြစ်သော်လည်း လက်ငင်း ဝယ်ယူ လျှင်မူ ကျပ်သိန်း ၈၀ ကျသင့်မည်ဟု သြဂုတ်လ ၃၁ ရက်နေ့ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသော သတင်းစာရှင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ရောင်းချမှုပုံစံမှာ ဒေသခံများအား ဦးစားပေးပြီး ၃၀ ရာခိုင်နှုန်း၊ ဒေသတွင်း အစိုးရဝန်ထမ်းများအား ၄၀ ရာခိုင်နှုန်းနှင့် IM ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း အချိုးအတိုင်းဖြစ်သည်။ အရစ်ကျဝယ်မည့်သူများ အနေဖြင့် အရစ်ကျသွင်းငွေကို ပြည်နယ်အစိုးရဘဏ်စာရင်းထဲသွင်းရမည်ဟုဆိုသည်။

လုပ်ငန်းစတင်ပြီး ၂ နှစ်အကြာတွင် အခန်းဝယ်သူလက် အပ်နှံမည်ဟု ဦးမောင်မောင်ဝင်းက ပြောသော်လည်း လုပ်ငန်းစာချုပ်ကို ကုမ္ပဏီနှင့် ပြည်နယ်အစိုးရအကြား မည်သည့်အချိန် ချုပ်ဆို မည်ကို အတိအကျ မသိရသေးဟု ကုမ္ပဏီများဖက်ကပြောသည်။

အရစ်ကျစနစ်ဖြင့်ဝယ်ပြီး အခြားသူသို့ အခန်းပြန်ရောင်းလိုလျှင် လက်ကျန်ငွေ အားလုံးသွင်းပြီးမှသာ ပြန်ရောင်းချခွင့်ရမည်ဖြစ်သည်။

ကရင်ပြည်နယ်အစိုးရက မြဌေးကြွယ်လင်း ကုမ္ပဏီအား တစ်ဧက ကျပ်သိန်း ၁၃၀ ဖြစ် ရောင်းချ ပေးထားသော မြေလွတ်မြေရိုင်းများ၌ စီမံကိန်းအကောင်အထည်ဖော်မည်ဖြစ်ပြီး လယ်ယာမြေ အရှုပ်အရှင်း ကင်းသည်ဟု ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောကြည်လင်း က ပြောကြားသည်။

''မြဌေးကြွယ်လင်းကုမ္ပဏီက ထုံးအိုင်ဘေးမှာ ၂၅ ဧကတောင်းတယ်။ အဲ့ဒီနေရာက လယ်ယာ မြေဘဲရှိတဲ့အတွက် စက်မှုဇုန်နဲ့ မနီးမဝေး စက်မှုလုပ်သားရွာထဲကနေ ဧက ၂၀ ကို လွတ်တော် ဆုံးဖြတ်ချက် အရမြဌေးကြွယ်လင်း ကုမ္ပဏီကို ရောင်းချလိုက်ပါတယ်။'' ဟု ဝန်ကြီး ဦးစောကြည်လင်း က ဆိုသည်။

အဆိုပါစီမံကိန်းအား ထင်သာမြင်သာရှိစေရေးအတွက် ပြည်သူများသို့ချပြရန်၊ စီမံကိန်းနေရာအား ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လျာထားပေးရန်၊ ကုမ္ပဏီနှင့် ပြည်နယ် အစိုးရစာချုပ်ချုပ်ပြီးချိန်မှသာ စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ကို ပြည်နယ်အစိုးရအဖွဲ့ နှင့် ကုမ္ပဏီတာဝန်ခံတို့က လိုက်နာရန် ပြည်နယ်အစိုးရအဖွဲ့ရုံးက သြဂုတ်လ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly