ရွေးကောက်ပွဲဝင်မည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ ကိုယ်စားလှယ်လောင်း ၁၈ ဦးအနက် ၁၇ ဦး ပလပ်ခံထားရ

ရွေးကောက်ပွဲဝင်မည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ ကိုယ်စားလှယ်လောင်း ၁၈ ဦးအနက် ၁၇ ဦး ပလပ်ခံထားရ

ရန်ကုန် စက်တင်ဘာ ၁ ။         ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမတ်လောင်း စာရင်းပေးသွင်းထားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဝင် ၁၈ ဦးအနက် ၁၇ နှစ်ဦး မှာနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူမဟုတ်ခြင်းဟူသည့် အကြောင်းပြချက်ဖြင့် ပလပ်ခံခဲ့ထားရသည်ဟု ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မင်းက  စက်တင်ဘာ ၁ရက်တွင်မဇ္ဈိမ ကိုပြောသည်။

အဆိုပါ ပါတီဝင်များသည် ၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ခွင့်ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အမတ်လောင်းစာရင်းမှ ပလပ်ခြင်းခံထားရခြင်းဟု သူက ဆိုသည်။

"ဝင်ပြိုင်ဖို့တင်တာ ၁၈ယောက်၊ ၁၇ ယောက်ပယ်ခံရတယ်။ တစ်ယောက်ပဲကျန်တယ်။ အခုအချက်အလက် အကုန်စုနေပါတယ်။ အံသြဖို့ကောင်းတာက ပယ်ခံရသူတွေအားလုံးက ၂၀၁၀ ရယ် ၁၉၉၀တုန်း ကဝင်ပြိုင်ခွင့် ရခဲ့သူတွေကြီးပဲ။ အခြေအနေအရတော့ ဘယ်လိုပြောရမလဲမသိတော့ဘူး" ဟု ဦးကျော်မင်းက ပြောသည်။

ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းသည့် ရန်ကုန်နှင့် ရခိုင်ပြည်နယ်မဲဆန္ဒနယ် ၁၈ နေရာမှ ရန်ကုန်တိုင်းရှိ ပန်းပဲတန်း ပြည်သူ့လွှတ်တော် နေရာမှအပ ရခိုင်ပြည်နယ်မှဝင်သည့် လွှတ်တော်နေရာ ၁၁နေရာနှင့် ရန်ကုန်မှ ၆နေရာ၊ စုစုပေါင်း ၁၇နေရာမှ ဝင်ရောက်မည့်သူအားလုံး အပယ်ချခံရခြင်းဖြစ်သည်။

"ဘူးသီးတောင်ကဝင်တာ မနေ့ကပဲ ပယ်တယ်ဆိုတာကိုသိရတယ်။ အဲဒီအတွက် ပြည်နယ်ကော်မရှင်က အယူခံထက်ဝင်မယ်။ အထောက်အထားပြဆိုလို့ စစ်တဲ့နေကပဲ ၁၂နာရီမှာပြတယ်။ ညနေ ၅နာရီမှ အထောက် အထားကိုပယ်တယ်။ ထူးဆန်းတာက ကျွန်တော်တို့လူတွေအကုန်လုံး ပယ်တဲ့ပုံစံက တစ်ခုတည်းပဲ" ဟု အမတ်လောင်းအဖြစ် ပယ်ချခံရသူ ဦးကျော်မင်းကဆိုသည်။

ဦးကျော်မင်းအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ဘူးသီးတောင်နှင့် မောင်တောရှိ လွှတ်တော် နေရာများကို ဝင်ရောက်သည့်အမတ်လောင်းများအား သြဂုတ် ၂၅၊ ၂၆၊ နှင့် ၂၇ရက်တို့တွင် အမတ်လောင်း စိစစ်မှုများ ပြုလုပ်ခဲ့သည်ဟု မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီသည် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို ရခိုင်နှင့် ရန်ကုန်မြို့တို့မှ ပြည်သူ့လွှတ်တော် ၃နေရာ၊ အမျိုးသားလွှတ်တော် ၅နေရာ၊ ပြည်နယ်/တိုင်းလွှတ်တော် ၁၀နေရာ စုစုပေါင်း လွှတ်တော်နေရာ ၁၈နေရာကို ဝင်ရောက်ရန်အမည်တင်သွင်းခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီ ၉၀မှ တင်သွင်းလာသည့်အမတ်လောင်း စာရင်း ၆၀၀၀ကျော်ကို သြဂုတ် ၁၈ရက်မှ ၃၁ရက်ထိ စိစစ်မှုများပြုလုပ်ခဲ့ပြီး ပယ်ချခံရသည့် အမတ်လောင်းများက ယင်းနေ့နောက်ပိုင်း ၇ရက်အတွင်း သက်ဆိုင်ရာပြည်နယ်/တိုင်း ကော်မရှင်များသို့ အယူခံဝင်ရမည်ဖြစ်သည်။

အယူခံဝင်လာသည့် ကိစ္စများအပေါ် ပြည်နယ်နှင့်တိုင်း ကော်မရှင်တို့၏ ဆုံးဖြတ်ချက်သည်နောက်ဆုံး ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်ဟု သက်ဆိုင်ရာရွေးကောက်ပွဲများတွင် ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly