မကွေးတိုင်းအတွင်း လူနေအိမ် ၆၃ လုံး ရေမျော၊ လူ ၄၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း

မကွေးတိုင်းအတွင်း လူနေအိမ် ၆၃ လုံး ရေမျော၊ လူ ၄၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း

 

မကွေး၊ ဇွန်လ ၁၄ ။          ။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း လူနေအိမ်  ၆၃ လုံး ရေမျောပါခဲ့ပြီး လူဦးရေ ၄၀၀၀ ကျော် ရေဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။ ဇွန်လ ၉ ရက်နေ့မှ စတင်ကာ ဇွန်လ ၁၃ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မကွေးတိုင်း ဒေသကြီးအတွင်း လူနေအိမ် ၆၃ လုံး ရေမျောပါခဲ့ပြီး လူဦးရေ ၄၀၀၀ ကျော် ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှသိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းမှ ရေမျောပါသည့်အိမ်ထောင်စုများမှာ မင်းဘူး မြို့နယ်မှ(၈)အိမ်၊စလင်းမြို့နယ်မှ (၇)အိမ်၊ငဖဲမြို့နယ်မှ (၁၀)အိမ်၊သရက်မြို့နယ်မှ (၈)အိမ်၊မင်းတုန်းမြို့နယ်မှ(၁) အိမ်၊ပွင့်ဖြူ မြို့နယ်မှ(၇)အိမ်၊ရေနံချောင်းမြို့နယ်မှ(၁)အိမ်၊ပခုက္ကူ မြို့နယ်မှ (၃၀)အိမ်ရှိခဲ့ပြီး စုစုပေါင်း ရေမျောပါသည့် အိမ်ထောင်စု(၆၃)အိမ်ထောင်စု ရှိကြောင်း မကွေးတိုင်းဒေသကြီး ဘေအန္တရာယ်စီမံခန့်ခွဲရေး ဌာနမှ တိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။

“ ရေမျောပါသွားတဲ့ အိမ်ထောင်စုတွေကို တစ်အိမ်ထောင်တစ်သိန်း၊ဆန် ရ ရက်စာ၊ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ၊ စုစုပေါင်း ရ၅ သိန်းလေးသောင်းကျော် ထောက်ပ့ံပေးခဲ့ပါတယ် ။ မိုးကလည်း ဆက်လက်ရွာပြီး ရေကြီးနေတဲ့အတွက် ရေဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်ရမဲ့ အိမ်ထောင်စုတွေလည်း ရှိနေပါသေးတယ်” ဟု ဦးမြင့်စိုးက ပြောသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းမှ ရေဘေးရှောင်နေရသည့်ပြည်သူများမှ မင်းဘူးမြို့နယ်မှ ၉၇၆ ဦး၊ စလင်းမြို့နယ်မှ ၂၆၁ ဦး၊ ကံမမြို့နယ်မှ ၁၃၅၃ ဦး၊ ငဖဲမြို့နယ်မှ ၁၃၉ ဦး၊ သရက်မြို့နယ်မှ ၁၉၅ ဦး၊ မင်းတုန်းမြို့နယ်မှ ၆၉ ဦး၊ ပခုက္ကူ မြို့နယ်မှ ၂၄၂ ဦးတို့ ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ဓမ္မာရုံ စသည့် ဘေးလွတ်ရာ နေရာများကို တိမ်းရှောင်နေရကြောင်းမကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် တစ်ဦးလျှင် ဆန်ရိက္ခာ ရ ရက်စာ ထောက်ပ့ံပေးခဲ့ပြီး စုစုပေါင်း ထောက်ပ့ံငွေ (၈၈သိန်းကိုးသောင်းကျော်)ထောက်ပ့ံပေးခဲ့ကြောင်း သိရသည်။

“ မကွေးတိုင်းဒေသကြီးအတွင်း မိုးအဆက်ရွာသွန်းမှုကြောင့် ချောင်းရေထဲ မျောပါသေဆုံးသူ ၄ ဦးရှိခဲ့ပြီး ဓါတ်လိုက်သေဆုံးသူ ၁ ဦး၊ထိခိုက်ဒဏ်ရာရသူ ၃ ဦး ရှိပါတယ်။ သဘာဝဘေးကြောင့် သေဆုံးသူတွေကို ကျွန်တော်တို့ဌာနက တစ်ဦး ၃ သိန်း ထောက်ပ့ံပါတယ်” ဟု မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာန တိုင်းဦးစီးမှူးဦးမြင့်စိုးက ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းလူနေအိမ်များ စိုက်ခင်းများ ရေကြီး နစ်မြှုပ်ခြင်း၊ လမ်းများ တံတားများ ပျက်စီးခြင်းများအပြင် ချောင်းရေများကျ၍ လမ်းသွားလမ်းလာများ လမ်းပိတ်ဆို့မှုများလည်း ကြံု တွေနေကြရကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရှိ ဒေသအချို့တွင် ရေကြီးခြင်း၊ မြေပြိုခြင်းအန္တရာယ်များ ကြံုတွေ့လျှက် ရှိပြီး နေရပ်မှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်။  စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သဝန်ထွက် ကျေးရွာတွင်လည်း မိုးရွာသွန်းမှုကြောင့် အိမ်ခြေ ၁၀၀ ကျော် နစ်မြှုပ်၍ လူဦးရေ ၁ ထောင်ကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly