သမ္ဗာန်တိမ်းမှောက်ရာတွင် ပျောက်ဆုံးနေဆဲ ခရီးသည် ၄ ဦးအား လူအင်အား ၃ဝ ခန့်ဖြင့် ရှာဖွေနေ

သမ္ဗာန်တိမ်းမှောက်ရာတွင် ပျောက်ဆုံးနေဆဲ ခရီးသည် ၄ ဦးအား လူအင်အား ၃ဝ ခန့်ဖြင့် ရှာဖွေနေ

 

ရန်ကုန်၊ ဇွန်လ ၁၄ ။                 ။ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက်၊ စဉ့်အိုးတန်းဆိပ်ကမ်းနှင့် ဆူးလေဆိပ်ကမ်း အကြားတွင် ယမန်နေ့ ဇွန်လ ၁၃ ရက်ညက စက်တပ်ခရီးသည်တင်သမ္ဗာန်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ပျောက်ဆုံးနေသော ခရီးသည် ၄ ဦးအား လူအင်အား ၃ဝ ခန့်ဖြင့် ရှာဖွေနေကြောင်း ကမာကသွယ်ကူးတို့သမား အသင်း အတွင်းရေးမှူး ဦးမောင်မောင်မြင့်က မဇ္စျိမသို့ ပြောသည်။

ဇွန်လ ၁၃ ရက်နေ့၊ ည ရ နာရီခွဲခန့်အချိန်က သမ္ဗာန်ယာဉ်မောင်းသမားနှင့် ခရီးသည် ၁၁ ဦးလိုက်ပါလာသည့် သမ္ဗာန်ယာဉ် ပန်ကာအား ဒိုက်ပတ်၍ ရေစီးဖြင့်မျောပါခဲ့ရာမှ အရှိန်မထိန်းနိုင်ဘဲ ဆိပ်ကမ်းအနီးရှိ ကုန်တင်သင်္ဘော အား တိုက်မိခဲ့ခြင်းဖြစ်သည်။

“ ဘောတံတားအနီးမှာ ရေထဲမှာပါလာတဲ့ ဒိုက်ဖတ်တွေနဲ့ငြိပြီး စက်က ထိုးရပ်သွားတာပေါ့။ ရေယာဉ်မောင်း တွေက ဒိုက်ကို ဆင်းဖြုတ်တာပေါ့။ ဆင်းဖြုတ်တဲ့အချိန်ရေစီးတဲ့ရှိန်နဲ့ မျောပါတဲ့အခါကျတော့ တွဲသင်္ဘောရဲ့ အောက်ကိုရောက်ပြီးတော့ အဲ့မှာနစ်မြုပ်သွားတာ။ သိသိချင်းပဲ  မြစ်ကြောင်းထဲမှာရှိနေတဲ့ သမ္ဘာန်တွေနဲ့ ဂိတ်က ရေယာဉ်တွေရယ် စုပေါင်းသွားဆယ်တာ။ ၆ ဦးပြန်ရတယ်။   ရေယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးကျတော့ ပန်းဆိုးတန်းမှာပြန်ဆယ်မိတယ်။ အားလုံး ကျား ရ၊ မ ၁ ပေါ့။ အဲ့တော့ လက်ရှိအနေအထားအရ ခရီးသည် တွေသတင်းပေးချက်အရ စာရင်းကောက်ခံကြည့်တော့ ၄ ဦးပျောက်ဆုံးနေတယ်။ ညက ၁၁ နာရီထိရှာတယ်။ ဒီနေ့လည်း လူအင်အား ၃ဝ လောက်၊ စက်လှေ ၄ စီးနဲ့ ရှာဖွေနေပါတယ်”ဟု ဦးမောင်မောင်မြင့်က ပြောသည်။

ပျောက်ဆုံးနေသူ ၄ ဦးမှာ အသက် ၂၆ နှစ်အရွယ် မဥမ္မာလွင်၊ အသက် ၃ဝ အရွယ် ဦးရာဂျား၊ အသက် ၂၅ နှစ်အရွယ် မဒါးနီ၊ အသက် ၂၇ အရွယ် မဆန်းသီးတို့ ၄ ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်/ကျေးအရန်မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့များ နှင့် ရေယာဉ်လုပ်သားများစုပေါင်းပြီး စက်လှေ ၄ စီး၊ လူအင်အား ၃ဝ ခန့်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆာင်ရွက်လျက်ရှိသည်။ အဆိုပါ ပျောက်ဆုံးသူ ၄ ဦးနှင့် ပတ်သက်ပြီး ယနေ့ ဇွန်လ ၁၄ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်အထိ ရှာဖွေတွေ့ရှိ သေးခြင်းမရှိပေ။

ကယ်ဆယ်ရရှိခဲ့သည့် ၈ ဦးအနက် ခရီးသည် ၃ ဦးမှာ ဖူးယောင်၊ ပွန်းပဲ့၊ ပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန်ပို့ဆောင်ထားပြီး လက်ရှိတွင် အမျိုးသားတစ်ဦး ဆေးရုံမှ ဆင်းသွားပြီဖြစ် ကြောင်း သိရသည်။

“ ပျောက်ဆုံးနေတဲ့ ၄ ယောက်နဲ့ လှေက အခုချိန်ထိမရသေးဘူးနော်။ ရှာဖွေအဆင့်ပဲရှိသေးတယ်။ အမှုအခြေ အနေက သမ္ဗာန်မောင်းတဲ့သူ ဦးကျော်မင်းကို ဆိပ်ကမ်းမြို့မ၊ (ပ) ၁၃ဝ/၂ဝ၁၈၊ ရာဇသတ် ကြီးပုဒ်မ- ၂၈ဝ၊ ၃၃၇ နဲ့ အရေးယူထားတယ်”ဟု ဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ရဲမြင့်စိန်က ပြောသည်။

အဆိုပါ ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မ၊ ခရီးသည်များဒဏ်ရရှိခဲ့သည့်ပုဒ်မ စသည့် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် အရေးယူထားသော စက်လှေမောင်းသူ အသက် ၄၄ နှစ်အရွယ် ဦးကျော်မင်းမှာ လက်ရှိတွင် ထွက်ပြေး လွတ်မြောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဦးကျော်မင်းအား ပုဒ်နှစ်ခုဖြင့် အမှုဖွင့်အရေးယူထားပြီး လူသေဆုံးမှုရှိပါက ပုဒ်မ- ၃ဝ၄(က) ဖြင့် ပုဒ်မထပ်တိုးအရေးယူသွားမည်ဖြစ်ကြောင်း ဆိပ်ကမ်းမြို့မရဲစခန်းမှ သိရသည်။

ဒလမြို့နယ်ဖက်မှ နေထိုင်သူမျအများစုက နေ့စဉ် ဒလနှင့်ရန်ကုန်ကို သမ္ဗာန်ယာဉ်များဖြင့် အားပြုသွားလာနေရပြီး နှစ်စဉ် မိုးဦးလေဦးတွင် အဆိုပါ သမ္ဗာန်ယာဉ်များ တိမ်းမှောက်လေ့ရှိသည်။

အဆိုပါ ရန်ကုန်မြစ်ကို ဖြတ်ကူးရန် ကိုရီးယား - မြန်မာချစ်ကြည်ရေး ရန်ကုန်- ဒလတံ မြစ်ကူးတံတား ၂၀၁၃ ခုနှစ်ကတည်းက တည်ဆောက်ရန် အဆိုပြုထားပြီး ယခုဆိုလျှင် ၆ နှစ်တိုင်သည်အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘဲ တည်ဆောက်မည့် တံတားတိုင် ၂ တိုင် အကွာအဝေးအပေါ် ညှိနှိုင်းနေ၍ ကြန့်ကြာနေခြင်းဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တံတားတိုင် ၂ တိုင် အကွာအဝေးကို သင်္ဘောများ ၀င်ထွက်သွား လာမှု အဆင်ပြေရန်ဟုဆိုကာ ၄၀၀ မီတာအထိ ထားရှိပေးရန် အကြံပြုခဲ့ပြီး   ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၃၇၀ မီတာ ထားရှိရန် သဘောတူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly