လူ့အခွင့်အရေးကော်မရှင်မှ တွေ့ဆုံမေးမြန်းခဲ့သောအကျဉ်းသားများ နှိပ်စက် မခံရရေး အကြံပြု

လူ့အခွင့်အရေးကော်မရှင်မှ တွေ့ဆုံမေးမြန်းခဲ့သောအကျဉ်းသားများ နှိပ်စက် မခံရရေး အကြံပြု

 

ဇွန်လ ၁၄ ။            ။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ကြည့်ရှုစစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးစဉ် တွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအား ညှဉ်းပမ်းနှိပ်စက်မှု မခံရစေရေးအတွက်  အကြံပြုခဲ့ကြောင်း သိရသည်။

ဇွန်လ ၄ ရက်နေ့မှ ရ ရက်နေ့အထိ မိတ္ထီလာအကျဉ်းထောင်၊ ရွှေမြယာစိုက်ပျိုးရေးမွေးမြူရေးနှင့် အတတ်သင်စခန်း၊ ဘုရားငါးဆူ ကုန်ထုတ်စခန်းတို့အား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအား လက်တုံ့ပြန်မှုမခံရစေရေးနှင့် ညှဉ်းပမ်းနှိပ်စက်မှု မခံရစေရေးအတွက် ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ နှင့်အညီ အလေးထားဂရုပြုဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်ဟု  ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်သော ကော်မရှင်၏ ဆောင်ရွက်ချက် အမှတ်စဉ် ( ၂၂ /ကာကွယ်/၂၀၁၈)တွင် ဖော်ပြထားသည်။

ထို့ပြင် ထောင်ဝင်စာ လာရောက်တွေ့ဆုံသူမိသားစုများအပေါ် ဝန်ထမ်းများမှ လူမှုရေးအရ အမြတ် ထုတ်မှု မရှိစေရေး တာဝန်ရှိသူများမှ အထူး ကြပ်မတ်သင့်ပါသည်ဟုလည်း ဖော်ပြပါရှိသည်။

နေရာ ၃ နေရာသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးယုလွင် အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ပါဝင်သည့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေးစဉ်  စခန်းရှိ မိလ္လာကန်များ ပြည့်သည့်အချိန်တွင် အကျဉ်းသားများဖြင့် ခပ်ထုတ်ရသည့်စနစ် အစား Septic Tank များဖြင့် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုခဲ့ကာ အကျဉ်းသားများ၏ ကျန်းမာရေး၊ နေထိုင်မှုစနစ်များ၊အိပ်ဆောင်အခြေအနေများ၊ ကျန်းမာရေးမကောင်းသူများ အခြေအနေများကို ဆောင်ရွက်သင့်သည်များအား အကြံပြုခဲ့သည်။

အကျဉ်းသားများ စည်းကမ်းဖောက်ဖျက်ပါက အပြစ်ပေးရာတွင် ညှဉ်းပမ်းနှိပ်စက်သည့် အသွင် မဖြစ်စေရန်နှင့် ဥပဒေနှင့်အညီသာ အပြစ်ပေးသင့်ကြောင်းပါ  အကြံပြုထားသည်။

ရခိုင်ပြည်နယ်ရှိ စစ်တွေအကျဉ်းထောင်နှင့် ဘူးသီးတောင်အကျဉ်းထောင်များ အပါအဝင် အချုပ်သားများ၏ ဆေးကုသခန်း၊ ရဲစခန်းများ၏ အချုပ်ခန်း၊ ဆေးရုံအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းများရှိ အကျဉ်းသားများ အနေဖြင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှု ရှိမရှိကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဖေဖော်ဝါရီ ပထမပတ်တွင် လာရောက်စစ်ဆေးခဲ့သေးသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၆ ခုနှစ်အတွင်း အင်းဝ အပ်ချုပ်ဆိုင်အမှု တွင် ငွေကြေးဖြင့် ၀င်ရောက်ညှိနှိုင်းပေးမှုကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာပြီး ကော်မရှင်အဖွဲ့ဝင် ၄ ဦး နှုတ်ထွက်သွားခဲ့ကာ ဗိုလ်မှူးကြီးဟောင်း ဦးယုလွင်အောင် ပါ၀င်သော ကော်မရှင်အဖွဲ့ဝင် ရ ဦး နှင့် ဆက်လက်ဆောင်ရွက်ခဲ့စဉ် မြင်းခြံထောင်အတွင်းမှ  လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၌ တာဝန်ယူစစ်ဆေးအကြံပြုမှုများကြောင့်  သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်သူများ၏ အသိအမှတ်ပြုမှုကို ပြန်လည်ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly