ပဋိဇီဝဆေးတွေနဲ့တွဲဖက် မစားသုံးသင့်တဲ့ အစားအသောက်လေးတွေ

ပဋိဇီဝဆေးတွေနဲ့တွဲဖက် မစားသုံးသင့်တဲ့ အစားအသောက်လေးတွေ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

မဖျားဖူးတဲ့သူရယ်လို့မရှိကြပါဘူး။ လူတွေကတစ်နေ့တာလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း အပူဒဏ်ကြောင့်ဖြစ်ဖြစ် အအေးဒဏ်ကြောင့်ဖြစ်ဖြစ် ခန္ဓာကိုယ်မှာ ဖျားနာတာ၊   နေထိုင်မကောင်းတာတွေ   ဖြစ်ဖူးကြမှာပါ။ ဒီလိုနေထိုင်မကောင်းဖြစ်တဲ့အခါ Antibiotics(ပဋိဇီဝဆေး) တွေသောက်ပြီး ကိုယ်ခံအားကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ကြရပါတယ်။ ဒီလိုဆေးသောက်တဲ့အခါ ဘာတွေတော့ဆေးနဲ့တွဲမသောက်နဲ့ မတည့်ဘူးလို့ပြောတာကြားဖူးကြမှာပေါ့။ ဘာကြောင့်လဲဆိုတာကို သိရဲ့လား။ သိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။

ဆေးသောက်တဲ့အခါ ဆေးရဲ့ အာနိသင်ပိုမိုထိရောက်မှုရှိစေဖို့အတွက် အစားအသောက်တွေကို ဆင်ခြင်စားသုံးဖို့လိုအပ်ပါမယ်။ အချို့ အစားအသောက်တွေက ဆေးကိုစုပ်ယူနိုင်စွမ်းအပေါ်  ထိခိုက်စေတာမျိုးရှိသလို ဆေးအာနိသင်ကိုလျော့ကျစေတာမျိုးအထိဖြစ်စေနိုင်ပါတယ်။

Antibiotics(ပဋိဇီဝဆေး) တွေက ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲ

Antibiotics(ပဋိဇီဝဆေး) တွေက ရောဂါပိုး ကူးစက်တာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ချောင်းဆိုးတာ၊လည်ချောင်းနာတာ၊   နှာစေးတာနဲ့   လေပြွန်ရောင်ရမ်းတာတွေ ဖြစ်မယ်ဆိုရင်တော့ Antibiotics(ပဋိဇီဝဆေး) တွေကို မဖြစ်မနေသောက်သုံးဖို့လိုပါမယ်။ ဒီလိုသောက်သုံးတဲ့အခါမှာလည်း ဆေးယဉ်ပါးတာမျိုး မဖြစ်စေဖို့အတွက် ဆေးကို စနစ်တကျဂရုတစိုက် သောက်သုံးဖို့လိုပါမယ်။

ဒီအစားအသောက်တွေကို Antibiotics(ပဋီဇီဝဆေး) တွေနဲ့တွဲသောက်သုံးတာမျိုး မလုပ်ပါနဲ့

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့် Antibiotics(ပဋိဇီဝဆေး) တွေနဲ့တွဲမသောက်သင့်တာပါ။ ခန္ဓာကိုယ်ထဲမှာ ပိုတက်ဆီယမ်ပမာဏ အရမ်းများသွားတဲ့အခါ နှလုံးခုန်မမှန်တာ၊ နှလုံးခုန်မြန်တာကြောင့် ရင်တုန်တာမျိုးတွေခံစားရနိုင်ပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါကြောင့်သောက်သုံးရတဲ့ ဆေးဝါးတွေကို ငှက်ပျောသီးနဲ့တွဲဖက်စားသုံးတာမျိုးမလုပ်ပါနဲ့။ သွေးပေါင်အရမ်းကျသွားတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။

အချဉ်ဓာတ်ရှိတဲ့ အစားအစာတွေ

သံပုရာသီး၊ သံပရိုသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရု လိုမျိုး အချသ်ဓာတ်ရှိတဲ့အသီးတွေ၊ အချဉ်ဓာတ်ထည့်သွင်းထုတ်လုပ်ထားတဲ့ သောက်စရာတွေ၊ ခရမ်းချဉ်သီးဆော့စ် လိုမျိုး အချဉ်ဓာတ်ပါဝင်နေတဲ့ အစားအစာတွေကို ဆေးဝါးတွေနဲ့တွဲဖက်မစားသုံးသင့်ပါဘူး။ ခန္ဓာကိုယ်က ဆေးရဲ့အာနိသင်စုပ်ယူနိုင်မှုအပေါ် အဟန့်အတားဖြစ်စေနိုင်တာကြောင့်ပါ။

နွားနို့နဲ့နို့ထွက်ပစ္စည်း (ဒိန်ချဉ်ကလွဲလို့)

နွားနို့ ပူပူလေးနဲ့ဆေးနဲ့သောက်ဆိုတာ နားထောင်လို့သာကောင်းတာ တကယ်တော့ တွဲမစားသင့်ပါဘူး။ နွားနို့မှာ ကယ်လ်ဆီယမ်ပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်စေတယ်ဆိုပေမယ့် Antibiotics(ပဋိဇီဝဆေး) နဲ့တော့ တွဲမသောက်ပါနဲ့။ ဆေးစုပ်ယူနိုင်စွမ်းအပေါ် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ တကယ်လို့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးထားတယ်ဆိုရင် အနည်းဆုံး ၃ နာရီခြားပြီးမှ ဆေးသောက်ပါ။ ဒိန်ချဉ်ကတော့ ခန္ဓာကိုယ်အတွက် အကျိုးပြုဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်အောင် လုပ်ဆောင်ပေးတာကြောင့် ထိခိုက်ဒဏ်ရာတွေကို မြန်မြန်အနာကျက်စေနိုင်သလို ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပါတယ်။ ဒိန်ချဉ်က Probiotics(အကျိုးပြုဘက်တီးရီးယား) ဖြစ်ပြီး Antibiotics(ပဋိဇီဝဆေး) ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ဖြစ်တဲ့ ဝမ်းသွားတာတွေကို သက်သာစေနိုင်ပါတယ်။

အမျှင်ဓာတ်များတဲ့ အစားအစာတွေ

နေမကောင်းတဲ့အခါ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို မစားနဲ့နော်။ အမျှင်ဓာတ်က ခန္ဓာကိုယ်အတွက်လိုအပ်သလို ကိုယ်အလေးချိန်ကို ကျစေတာလည်းမှန်ပေမယ့် နေမကောင်းလို့ဆေးတွေသောက်နေရချိန်မှာ စားသုံးမယ်ဆိုရင်တော့ ဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် နေမကောင်းတာကို တာရှည်စေနိုင်ပါတယ်။ ဒါကြောင့် နေထိုင်မကောင်းတဲ့အခါ အမျှင်ဓာတ်များစွာပါဝင်တဲ့ အစားအစာတွေကိုရှောင်ပါ။

အရက်

ဒါကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ နေမကောင်းတဲ့အခါ အရက်ကိုမဖြစ်မနေရှောင်ရမှာပါ။ အရက်က Antibiotics(ပဋိဇီဝဆေး) တွေရဲ့ အာနိသင်ကို ထိခိုက်စေတာမဟုတ်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေဖြစ်စေတာပါ။ အစာအိမ်အူလမ်းကြောင်းပြဿနာတွေ၊ ခေါင်းထဲက ငြီးစီစီဖြစ်တာတွေလိုမျိုးပေါ့။ နေမကောင်းတာကိုလည်း တာရှည်စေနိုင်ပါတယ်။

ကဖင်းပါတဲ့စားစရာတွေ

ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေနဲ့ ဆေးတွေကို တွဲဖက်စားသုံးမယ်ဆိုရင် ဆေးရဲ့ အာနိသင်ကို ပျက်ပြယ်စေနိုင်ပါတယ်။ ဒါကြောင့် နေထိုင်မကောင်းတဲ့အခါ   ကော်ဖီ၊လက်ဖက်ရည်၊   ရေနွေးကြမ်းတို့လိုမျိုး ကဖင်းပါတဲ့သောက်စရာတွေနဲ့ ဆေးကိုတွဲဖက်သောက်သုံးတာမျိုး မလုပ်ပါနဲ့။

နောက်တစ်ချက်က ပန်းနာရင်ကျပ်ဝေဒနာရှင်တွေအနေနဲ့ ကော်ဖီကိုလုံးဝရှောင်ရှားသင့်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အာရုံကြောတွေအပေါ်မှာ သက်ရောက်မှုရှိသလို ရင်တုန်တာနဲ့ စိတ်အရမ်းလှုပ်ရှားတာမျိုးဖြစ်စေနိုင်ပါတယ်။

နေမကောင်းဖြစ်တဲ့အခါ မြန်မြန်သက်သာချင်ရင်တော့ ဒီအစားအစာတွေကို ရှောင်ကြဉ်ပြီး ဆေးကို စနစ်တကျသောက်သုံးပေးပါ။ အစားအသောက်ကို ဂရုစိုက်တာကလည်း   မြန်မြန်နေကောင်းစေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းတွေထဲက တစ်ခုပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly