စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ သစ်ပင်ပန်းမန်လေးတွေ စိုက်ကြမယ်

စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ သစ်ပင်ပန်းမန်လေးတွေ စိုက်ကြမယ်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ကမ္ဘာ့လူဦးရေထက်ဝက်ကျော်လောက်က မြို့ပြတွေမှာနေထိုင်ကြသူတွေပါ။ ဒီလိုမြို့ပြကြီးမှာနေထိုင်မှုတွေက လူသားတွေကို သဘာဝ ပတ်ဝန်းကျင်နဲ့ထိတွေ့ခွင့်ကို ကန့်သတ်လိုက်ပါတယ်။ သဘာဝပတ်ဝန်းကျင်က လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်စွမ်းရှိနေပါတယ်။

လေ့လာမှုရလဒ်တွေအရပြောရမယ်ဆိုရင်ဖြင့် သစ်ပင်စိုက်တာက စိတ်ကျန်းမာရေးကို တော်တေ်ာလေးအထောက်အကူပြုပေးပါတယ်။ သစ်ပင်ပန်းမန်တွေကို စိုက်ပျိုးမှုက စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေကို လျော့ပါးသက်သာစေနိုင်သလို သွေးတိုးတာကိုလည်း သက်သာစေနိုင်ပါတယ်တဲ့။ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ဖြစ်စေနိုင်တာကြောင့် ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာစေနိုင်ပါတယ်။

သစ်ပင်စိုက်တာကနေရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက

သစ်ပင်စိုက်တဲ့သူတွေမှာ တာဝန်ခံစိတ်ကိန်းအောင်းလာတယ်

သစ်ပင်စိုက်တဲ့အခါ ကိုယ်စိုက်ပျိုးထားတဲ့ အပင်လေးတွေ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာစေဖို့အတွက် ရေလောင်း၊ပေါင်းသင်၊ မြေသြဇာထည့်တဲ့အလုပ်ကို မဖြစ်မနေလုပ်ရပါတယ်။ ဒီလိုလုပ်ပေးရတဲ့အခါ တာဝန်ယူတတ်တဲ့ စိတ်လေးကဖြစ်လာတော့တာပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ကောင်းကျိုးဆိုးပြစ်ကိုတာဝန်ခံနိုင်တဲ့ စိတ်လေးဖြစ်ပေါ်လာပြီး လူမှုပတ်ဝန်းကျင်မှာ ပိုအဆင်ပြေလာပါလိမ့်မယ်။

သစ်ပင်စိုက်ပျိုးတာက သဘာဝတရားကိုခံစားမိစေတယ်

တစ်နေ့တာလုံး ခေတ်မီတိုးတက်လာတဲ့ နည်းပညာတွေနဲ့ ထိတွေ့နေရမှုက ကောင်းတာလေးတွေရှိပေမယ့် စိတ်အပန်းပြေစေမှုကိုတော့ ပြည့်ပြည့်ဝဝမရရှိစေနိုင်ဘူးပေါ့။ လေ့လာတွေရှိချက်တွေအရ စိမ်းစိုမှုရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်က လူတွေကို စိတ်ဖိစီးမှုသက်သာစေပြီး စိတ်အပန်းပြေစေတယ်လို့ဆိုပါတယ်။ ဒါကြောင့် အားလပ်ချိန်လေးတွေမှာ သစ်ပင်လေးတွေ စိုက်ရင်း အချိန်ကို အကျိုးရှိရှိ အသုံးချပေးပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေနိုင်တယ်

နေ့စဉ်တိုင်း လုပ်ငန်းခွင်မှာ လှုပ်ရှားနေရသူတွေအနေနဲ့ စိတ်ဖိစီးမှုတွေကတော့ မဖြစ်မနေကြံုနေရမှာပါ။ တစ်ခါတလေမှာ တွေ့ကြံုရတဲ့ အတွေ့အကြံုတွေက ကိုယ့်ဆီမှာရှိနေတဲ့ ယုံကြည်မှုတွေတောင်ပျောက်ဆုံးသွားစေနိုင်တာမျိုးပါ။ ဒါကြောင့် တစ်နိုင်တစ်ပိုင် အပင်လေးတွေစိုက်ပျိုးပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေနိုင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကလည်း မြင့်တက်လာမှာပါ။

သစ်ပင်စိုက်တာက ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလုပ်ပေးရာကျပါတယ်

သစ်ပင်တွေစိုက်တာကို တစ်နာရီလောက်လုပ်ပေးမယ်ဆိုရင် ကယ်လ်လိုရီလောင်ကျွမ်းစေနိုင်သလို ခန္ဓာကိုယ်မှာ စိတ်ခံစားမှုကောင်းမွန်စေတဲ့ ဟော်မုန်းတွေကိုလည်း ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် သစ်ပင်စိုက်တာကို နေ့စဉ်လုပ်ဆောင်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာကြံ့ခိုင်မှုရှိလာမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျစေနိုင်သလို ကောင်းကောင်းအိပ်ပျော်စေဖို့လည်း သစ်ပင်စိုက်တာက အထောက်အကူပြုပေးပါတယ်။

ဒေါသကိုထိန်းချုပ်လာနိုင်စေတယ်

အလုပ်မှာစိတ်ညစ်စရာတွေနဲ့ ကြံုလာသလား၊ သိပ်ပြီးတော့ ခံစား စိတ်ရှုပ်ခံမနေပါနဲ့။ သစ်ပင်လေးတွေကိုကြည့်လိုက်ပါ။ အပင်သစ်လေးတွေ စိုက်စရာရှိရင် စိုက်ပြီး မရှိရင်လည်း အပင်လေးတွေကို ရေလောင်းပေါင်းသင်လုပ်လိုက်ပေါ့။ နည်းနည်းတော့ စိတ်ပြေရာပြေကြောင်းလေးဖြစ်သွားမှာပါ။ ကိုယ်စိုက်ပျိုးထားတဲ့ အပင်လေးတွေ ကောင်းကောင်းမွန်မွန်ရှင်သန်လာတာကလည်း စိတ်ပျော်ရွှင်မှုရစေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဒေါသလေးတွေပြေသွားပြီး စိတ်သက်သာရာရလာပါလိမ့်မယ်။

စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တယ်

သစ်ပင်စိုက်တဲ့သူတွေက အခြားသူတွေနဲ့စာရင် သူတို့ရဲ့ ဘဝအခြေအနေပေါ် ကျေနပ်နှစ်သိမ့်နိုင်စွမ်းရှိသလို၊ စိတ်ဓာတ်ကျတာ၊ စိတ်ညစ်တာမျိုးတွေကိုလည်း ကြံ့ကြံ့ခံနိုင်ကြတယ်။လို့လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ သစ်ပင်ပန်းမန်စိုက်ပျိုးသူတွေက စိတ်လက်ပေါ့ပါးလန်းဆန်းမှုကို ပိုမိုခံစားကြရပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတွေကို လည်းစားသုံးခွင့်ရကြသူတွေပါ။ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအပွင့်တွေကို ခံစားရတဲ့ ခံစားမှုက စိ်တ်ပိုင်းဆိုင်ရာ အခြေအနေကို တိုးတက်ကောင်းမွန်အောင်လှုံ့ဆော်ပေးနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ရော အခုပဲ သစ်ပင်လေးတွေစိုက်လိုက်ကြမလား

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly