စစ်ကိုင်းတိုင်းအစိုးရလိုဂို ပြင်ဆင်ရေးမဲခွဲရာတွင် ပယ်မဲပေးသည့် လွှတ်တော်ကိုယ်စားလှယ်အား ဖော်ထုတ်မည်ဟု ဆို

စစ်ကိုင်းတိုင်းအစိုးရလိုဂို ပြင်ဆင်ရေးမဲခွဲရာတွင် ပယ်မဲပေးသည့် လွှတ်တော်ကိုယ်စားလှယ်အား ဖော်ထုတ်မည်ဟု ဆို

မုံရွာ၊ ဇွန် ၁၃။     ။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၌ တိုင်းအစိုးရလိုဂိုပြောင်းလဲရေးမဲခွဲရာတွင် ပယ်မဲပေးသည့်ကိုယ်စားလှယ်အား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောသည်။

ယနေ့ ဇွန် ၁၃ ရက်က ကျင်းပသော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ ပြီးဆုံးချိန်၌ မီဒီယာများနှင့်တွေ့ဆုံချိန်တွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပယ်မဲပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းဖော်ထုတ်သွားမှာပါ။ လွှတ်တော်ကို သိက္ခာကျအောင် သက်သက်မဲ့ ပယ်မဲပေးနေတယ်လို့ မြင်ပါတယ်။ မဲ မပေးတတ်တာ မဟုတ်ပါဘူး" ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောသည်။ 

ပယ်မဲပေးသည့်လွှတ်တော်ကိုယ်စားလှယ်အား စုံစမ်းဖော်ထုတ်၍ ရပါက မည်သို့လုပ်ဆောင်သွားမည်ကို ပြောကြားခဲ့ခြင်း မရှိပေ။ 

စစ်ကိုင်းတိုင်းဒေသကြီးအမှတ်တံဆိပ် ခြင်္သေ့ပုံလိုဂိုအား ပြင်ဆင်ပြောင်းလဲရေးအတွက် ၁၆ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်ဆွေးနွေးသူ ၂ ဦး၊ အကြံပြုဆွေးနွေးသူ ၁ ဦး တို့ရှိခဲ့၍ လျှို့ဝှက်ဆန္ဒမဲပေး ဆုံးဖြတ်ခဲ့သည်။ 

လွှတ်တော်၏အဆုံးအဖြတ်ကိုရယူရန် လျှို့ဝှက်ဆန္ဒမဲပေးဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅၇ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၂၃ မဲ၊ နှင့် ပယ်မဲ ၁ မဲ တို့ အသီးသီးရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၏  အမှတ်တံဆိပ် ပြင်ဆင်ပြောင်းလဲရန်အဆို အောင်မြင်ခဲ့ခြင်းဖြစ်သည်။ 

 ယင်းသို့ ပယ်မဲပေးခြင်းသည် လွှတ်တော်ကို စော်ကားသည့်သဘောသက်ရောက်နေ၍ ယင်းသို့ ပယ်မဲမပေးကြရန် လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ (ဇွန်လ ၁၁ ရက်) တွင် ကိုယ်စားလှယ်များအား ပြောကြားထားခဲ့သည်။

ယခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ Logo (အမှတ်တံဆိပ်)သည်  ပြည်ခိုင်ဖြိုးပါတီ တံဆိပ်နှင့် ဆင်တူနေသည့်အတွက် ပြောင်းလဲသတ်မှတ်ပေးရန် မုံရွာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ဇွန်လ ၁၁ ရက်က အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပါတီိမှ ကိုယ်စားလှယ် ၆၉ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၅ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ဦး နှင့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၁၀၁ ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly