လုပ်ငန်းခွင် အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု ဟန့်တားရေးစံနှုန်းသစ် လာမည့်နှစ်တွင် ပြဋ္ဌာန်းမည်

လုပ်ငန်းခွင် အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု ဟန့်တားရေးစံနှုန်းသစ် လာမည့်နှစ်တွင် ပြဋ္ဌာန်းမည်

ရန်ကုန်၊ ဇွန်လ ၁၃ ။         ။ ၁ဝ၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံ (ILC)တွင် ဆွေးနွေးချက်ခဲ့သည့် အချက် အရ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) မှ  လုပ်ငန်းခွင် အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုဟန့်တားရေးစံနှုန်းသစ်ကို လာမည့်နှစ်တွင် ပြဋ္ဌာန်းမည်ဖြစ်ကြောင်း သိရသည်။

၁ဝ၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြီးခဲ့ သည့် မေလ ၂၈ ရက်မှ ဇွန်လ ၈ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှ  အလုပ်ရှင်၊ အလုပ်သမား ၄ဝဝဝ ကျော်ထိ တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

" IlO ပြဌာန်းချက် ၁၉ဝ ထွက်ဖို့အတွက်ကိုကျတော့ လာမယ့် နှစ် ၂ဝ၁၉ ကျမှာထွက်မှာပေါ့နော်။ အခုလော လောဆယ်က အမတို့လိုချင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာပဲရှိသေးတယ်။ အခုလောလောဆယ် ဒါပထမဆုံးခေါင်းစဉ်လေ။ ဒါပထမဆုံးနှစ်ဆိုတော့ ဆွေးနွေးခဲ့တာပဲရှိတယ်။ လာမယ့်နှစ်ကျမှ တိကျတဲ့ အချက်အလက်တွေ ထွက်ပေါ်လာပြီးတော့ ၁၉ဝ ဆိုတာထွက်ပေါ်လာမှာ"  မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၊ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေခိုင်က ပြောသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ပြဋ္ဌာန်းချက် ၁၈၉ ချက်ထိရှိပြီး လာမည့် ၂ဝ၁၉ ခုနှစ်တွင် ပြဌာန်းချက် စံနှုန်းသစ် ၁၉ဝ ( လုပ်ငန်းခွင် အကြမ်းဖက်မှုတားဆီးရေး) အားအတည်ပြုရန် ဆုံးဖြတ်ချက်ချခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းညီလာခံတွင် လုပ်ငန်းခွင် အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုများကို ထိရောက်စွာ အပြစ်ပေးနိုင်ရန်  မြန်မာနိုင်ငံတွင် ဥပဒေပြဋ္ဌာန်းပေးရန်အတွက် ယခုနှစ် အကြောင်းအရာအသစ်အဖြစ် ပထမ ဆုံးအကြိမ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ILO မှာတော့ လာမယ့်နှစ်မှာ အတည်ပြုမယ်။ သို့သော် အစိုးရတွေကတော့ အတည်ပြုဖို့ နည်းနည်းကြာ ဦးမယ်။ အစိုးရကတော့ ထုံးစံအတိုင်း သူတို့ရဲ့ ဥပဒေကို ပြင်ရတာကိုး။  ဒါကိုသဘောတူတယ် လက်မှတ်ထိုး မယ်ဆိုရင် ကျွန်တော်တို့ သက်ဆိုင်ရာနိုင်ငံက ဥပဒေကိုပြင်ရတယ်။ ပြင်ပြီး အဲ့ဒီဥပဒေသည် ပြောထားတဲ့ သတ်မှတ်ချက်နဲ့ ညီတယ်ဆိုတော့မှ ဒါကိုအတည်ပြုလို့ရမှာ။ ဆိုတော့ အစိုးရပိုင်းကတော့ နှစ်နှစ်၊ သုံးနှစ် လောက်ကတော့ အချိန်ယူရဦးမှာပါ "ဟု "  မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။

ယနေ့ ဇွန်လ ၁၃ ရက်၊ နံနက်ပိုင်း၊ ရန်ကုန်၊ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့ ILO ညီလာခံ ILC တွင် သွားရောက်ဆွေးနွေးခဲ့သည့် အချက်များနှင့် ပတ်သက်ပြီး အလုပ် သမားကိုယ်စားလှယ်များ၏ သတင်းစာရှင်းလင်းပွဲတွင်   ပြောကြားခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အကြမ်းဖက်မှုမှာ အများဆုံးဖြစ်ပြီး အထည်ချုပ်လုပ်ငန်းခွင်များတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားနေကြောင်း ဒေါ်ဆွေဆွေခိုင် ပြောပြချက်အရ သိရသည်။

" အခုလောလောဆယ် အဖြစ်များနေတဲ့ ကိစ္စတွေမှာတော့ ့ တရုတ်တွေက ပိုများတယ်။ တရုတ်စက်ရုံတွေက အဖြစ်များတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကြံုတွေ့နေရတဲ့ အကြမ်းဖက်မှုပုံစံတွေက တချို့ကျတော့ အမတို့ ဒီစက်ရုံတွေမှာကျတော့ မိန်းကလေးတွေက စက်ချုပ်တယ်။ ဒါပေမယ့် ကောင်မလေးစက်ချုပ်နေတဲ့ ပုံစံက လည်ဟိုက်တာလည်းရှိမယ်။ အတွင်းခံကြိုးတွေဘာတွေ ပေါ်နေတာရှိမယ်။ အဲ့ဒါကို သိသိကြီးနဲ့ စက်ရုံမှူးတွေ က ဆွဲချတာတွေရှိတယ်။ နောက် ထိကပါးရိကပါးလုပ်တာတွေလည်း ရှိတယ်ပေါ့။ အဲ့ဒီလိုတွေက ပိုများ တယ်"ဟု (CTUM)၊ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေခိုင်က ပြောသည်။

လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားသည့် အမျိုးသမီး စင်တာသို့ တိုင်ကြားချက်အရ လက်ရှိတွင် အကြမ်း ဖက်ခံရသည့် အမျိုးသမီးအရေအတွက် ၅၇ ဦးရှိပြီး ရန်ကုန်အပြင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး၊ မန္တလေးစသည့်တို့မှ တိုင်ကြားထားသည့် အရေအတွက်ဖြစ်ကြောင်း သိရသည်။

CTUM၊ အမျိုးသမီးကော်မတီအနေဖြင့်လည်း ၂ဝ၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ လုပ်ငန်းခွင်အကြမ်းဖက်မှု ၁၆ မှုထိ ကိုင်တွယ် ဖြေရှင်းခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလက ILO ဆွေးနွေးပွဲတစ်ခုအရ အာရှပစိဖိတ်ဒေသတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးနိုင်ငံများမှာ ကမ္ဘောဒီးယား၊ ဂျပန်၊ လာအိုတို့အပြင် မြန်မာနိုင်ငံမှာ နံပါတ် ၄ နေရာတွင် ရှိနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly