ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဒေသခံများကို ပညာပေး

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဒေသခံများကို ပညာပေး

 

ဇွန်၁၃ ။                              ။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ အတွင်းမှာရှိတဲ့ ကျေးရွာတွေကို မန္တလေးတက္ကသိုလ် သတ္တဗေဒဌာနမှ ပညာရှင်တွေနဲ့Natural Green Alliance သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက လင်းပိုင်ထိန်းသိမ်းရေး ပညာပေးဟောပြောပွဲတွေကို ဒီကနေ့ ဇွန်လ ၁၃ ရက်၊နံနက်ပိုင်းက စတင်ဆောင်ရွက်နေကြပါတယ်။

အသိပညာပေးဟောပြောပွဲပြုလုပ်တဲ့ကျေးရွာတွေကတော့ စဉ့်ကူးမြို့နယ်အတွင်းမှာရှိတဲ့ ဆင်ကျွန်းကျေးရွာ၊စိန်ပန်းကုန်းကျေးရွာနဲ့ အင်ဒေါင်းကျေးရွာတို့ပဲဖြစ်ပါတယ်။အခု အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်နိုင်အောင် အမရပူရမြို့ပြ စီမံကိန်းက ကူညီထောက်ပ့ံပေးတယ်လို့ သိရပါတယ်။

မန္တလေးတက္ကသိုလ် သတ္တဗေဒဌာမှ ကထိက ဒေါက်တာနန်းအေးအေးရှိန်က"ကမ္ဘာကနေစိတ်ဝင်စားနေတဲ့ ဒီဧရာဝတီလင်းပိုင်ကို ဒေသခံတွေကနေ ပူးပေါင်းပြီး ထိန်းသိမ်းမှ ဖြစ်မယ်။ဧရာဝတီလင်းပိုင်တွေက မျိုးတုန်းနိုင်တဲ့အခြေအနေမှာ ဖြစ်တဲ့အတွက် ဒေသခံတွေက ဧရာဝတီလင်းပိုင်ထိခိုက်စေမယ့်အရာတွေကို မလုပ်ပဲ ဝိုင်းဝန်းထိန်းသိမ်းမှ မျိုးပွားနိုင်မှာဖြစ်တယ်"လို့ပြောပါတယ်။

Natural Green Allianceမှဦးဆောင်သူ ဦးမောင်မောင်ဦးက"ဧရာဝတီလင်းပိုင်တွေကို သေဆုံးမှ ကျွန်တော်တို့က စုတ်တသပ်သပ်ဖြစ်ရတယ်။ ဒီလင်းပိုင်တွေအပေါ် သက်ရောက်တဲ့အကြောင်းတွေမြောက်များစွာရှိတယ်။ဒီအထဲက အဆိုးဆုံးကတော့ ဘတ်ထရီရှော့တိုက်တာပဲ။ နောက်ပြီး အဆိပ်ချငါးဖမ်းကြတဲ့ ကိစ္စ။ ဒါကို ဒေသခံတွေက လုပ်ကြတာမဟုတ်ပေမယ့်။ ဘယ်သူတွေလုပ်တယ်ဆိုတာ ဒေသခံတွေ သိတယ်။ဒါပေမယ့် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြောင့် မပြောရဲတာတွေကို နားလည်တယ်"လို့ ပြောပါတယ်။

လင်ပိုင်းထိန်းသိမ်းမှုလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာ အစိုးရအဖွဲ့က ပါဝင်ကူညီမှုမရှိဘူးလို့လည်း အရပ်ဘက်လင်းပိုင်ထိန်းသိမ်းရေးဆောင်ရွက်နေသူတွေက တစ်ညီတစ်ညွှတ်ထဲဆိုကြပါတယ်။

တိုင်းဒေသကြီးလွှတ်တော် စဉ့်ကူးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းထွန်းကလည်း အစိုးရအဖွဲ့က လုပ်မပေးနိုင်သေးတဲ့ လုပ်ငန်းကို အရပ်ဘက်အဖွဲ့အစည်းတွေက အခုလို လုပ်ဆောင်ပေးနေတာကို ကျေးဇူးတယ်လို့လည်းဆိုပါတယ်။

ဧရာဝတီလင်းပိုင်တွေဟာ ၅နှစ်ကြာမှ သားပေါက်တာကြောင့် ပေါက်ဖွားနှုန်း အလွန်နည်းပါးခြင်း၊လျှပ်စစ်ရှော့တိုက် ငါးဖမ်းခြင်း၊ငါးဖမ်းပိုက်အကြီးစားတွေနဲ့ ငြိခြင်း ၊ မြစ်အထက်ပိုင်း ရွှေလုပ်ကွက်တွေက ဓါတုစွန့်ပစ်နေခြင်းတွေကြောင့် အနီရောင်အဆင့် မျိုးသုဉ်းလုနီးပါး အန္တရာယ်ကျရောက်နေတယ်လို့ လင်းပိုင်အရပ်ဖက်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

မန္တလေးကနေ ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်းအတွင်းမှ ဒီနှစ်မှာကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဧရာဝတီလင်းပိုင်ကောင်ရေ ရ၆ ကောင်ရှိကြောင်းသိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly