အညာဒေသထန်းပင်အိုတို့၏ လားရာ

အညာဒေသထန်းပင်အိုတို့၏ လားရာ

 

ထန်းပင်အများအပြားခုတ်လှဲနေခြင်းမှာအများအကျိုးပြုစီမံကိန်းနှင့် လုပ်ငန်းလိုအပ်ချက်အတွက်ဖြစ်သည်ဟုထန်းပင်ရောင်းဝယ်သူတို့ကဆိုသည်

 

(ကျောက်ပန်းတောင်း) —မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ရှိလွှစက်တစ်ခုသို့ ခုတ်ပြီးသားထန်းပင်များအလုံးအရင်းဖြင့် ရောက်ရှိလာသည်။ထိုထန်းလုံးရှည်တို့သည် အချိန်ပိုင်းအတွင်းမှာပင်ပျဉ်ပြားများအဖြစ် အသွင်ပြောင်းသွားလေသည်။

မကြာသေးခင် ကျောက်ပန်းတောင်းတွင် တွေ့ခဲ့ရသောဤသို့သောမြင်ကွင်းအပြင် ထန်းပင်တို့ ခုတ်လှဲခံရပြီးအတုံးအရုံး ပြန့်ကျဲနေသည့်မြင်ကွင်းမှာအညာဒေသအတွက် မထူးဆန်းတော့ပေ။

အညာဒေသထန်းတောပြုန်းသွားမည်ကိုစိုးရိမ်သူတို့ကထန်းပင် အရေအတွက်များပြားစွာခုတ်လှဲခံနေရခြင်းကိုဆန့်ကျင်နေကြသည်။ ဤအခြေအနေတွင်  ထန်းပင်ကိုတရုတ်နိုင်ငံသို့ တင်ပို့ရန် ခုတ်လှဲနေကြသည်ဟုယူဆနေသူအများအပြားရှိနေကြောင်းကျောက်ဆည်မြို့မှ ဦးသိန်းလှိုင်ကပြောသည်။ 

“တရုတ်ပို့ဖို့မပြောနဲ့၊ ကျွန်တော်တို့ဆီမှာရောင်းလို့ကိုမနိုင်ဘူး။  သစ်မာသားတွေက(တစ်တန်ကို) ရှစ်သိန်းလောက်ရှိတယ်၊ထန်းသားကလေးသိန်းလောက်ပဲရှိတာ၊ထက်ဝက်ချိုးဆိုတော့ ထန်းသားပဲသုံးကြတယ်”ဟုကျောက်ပန်းတောင်းသို့ လစဉ် ထန်းအပင် ၅ဝခန့် လာရောက် ဝယ်ယူနေသည့် ဦးသိန်းလှိုင်ကဆိုသည်။

အရေအတွက် အများအပြားဝယ်ယူနေကြခြင်းမှာဒေသတွင်းလုပ်ငန်းများ၊ စီမံကိန်းများတွင်  ပြန်လည် အသုံးပြုရေးအတွက် ဖြစ်သည်ဟုထန်းပင် ရောင်းဝယ်သူတို့ကဆိုသည်။  စီမံကိန်းတချို့သည် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက်ဖြစ်သည်ဟုသိရသည်။ ထန်းပင်ရာထောင်ချီခုတ်လှဲနေကြခြင်းကြောင့် ဒေသတွင်းသဘာဝပတ်ဝန်းကျင်ထိခိုက်စေသည်ဟူသောဝေဖန်ချက်တို့ကိုမူ ၎င်းတို့ကလက်ခံခြင်းမရှိပေ။

ထန်းပင် ဝယ်ယူသူများ

မြင်းခြံမြို့အနီးရှိ လာဘံပရိဘောကစက်ရုံပိုင်ရှင် ဦးသင်းခိုင်က ထန်းသားဖြင့် ပါကေးကြမ်းခင်းလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်။  ၂ဝ၁၄ခုနှစ်တွင် ပေါ်ပေါက်လာသည့် ၎င်း၏ စက်ရုံလည်ပတ်ရန်အတွက် တစ်နှစ်လျှင် ထန်းပင် ၆ဝဝမှ ရဝဝခန့်အထိဝယ်ယူခဲ့သည်ဟုပြောသည်။ 

 “ထန်းပင်တွေကယာခင်းထဲမှာရှိနေတယ်။  မြေဆီသြဇာကိုစုတ်ယူတယ်။  ဒါကြောင့် ယာခင်းရှင်တွေကခုတ်လှဲချင်တဲ့အတွက် (ကျပ်) ၆,ဝဝဝ၊ ရ,ဝဝဝလောက်နဲ့ ရောင်းကြတာပါ” ဟု၎င်းကပြောသည်။ 

ပါကေးကြမ်းခင်း ပြုလုပ်ရန်အတွက် သက်တမ်းရင့်ထန်းပင်များကိုသာအသုံးပြရသောကြောင့် အညာဒေသထန်းတောများမျိုးသုဉ်းသွားမည်ကိုစိုးရိမ်ရန် မလိုကြောင်းပြောသည်။ 

အညာဒေသထန်းတောခုတ်လှဲမှုများမှာပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိဧရာဝတီမြစ်ရေလမ်းကြောင်းကောင်းမွန်ရေးစီမံကိန်းတချို့နှင့်လည်းဆက်စပ်နေသည်။  ထိုစီမံကိန်းများသို့ ထန်းပင် အဓိကဖြည့်တင်းပေးနေသူတစ်ဦးမှာကျောက်ပန်းတောင်းမြို့ခံကိုဖိုးငယ်ခေါ် ကိုကျော်ဇင်လတ်ဖြစ်သည်။ 

သူဝယ်ယူထားသည့် ထန်းပင် ၂,၅ဝဝ ကျော်ထဲမှ ငါးပုံတစ်ပုံကိုခုတ်လှဲအသုံးပြုခဲ့ပြီးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်အတွက် ထိုထန်းလုံးတိုင်တို့ကို သုံးနေကြောင်း သူကပြောသည်။ 

“ဧရာဝတီမြစ်နဲ့ ကမ်းပါးပြိုကျနေတဲ့ ကျေးရွာတွေကိုကယ်တင်တဲ့ နေရာမှာအသုံးချနေရတာဆိုတော့ သုံးရတာဝမ်းလည်းသာတယ်။  ပီတိလည်းဖြစ်တယ်။  ဒီဘက်ကိုတော့ ခုတ်လိုက်ရတယ်။  ဒါပေမဲ့ ဟိုဘက်ကိုတော့ ပြန်ကယ်လိုက်ရတယ်”ဟု မြစ်ရေတိုက်စားမှုဒဏ်ကိုခံစားနေရသည့် လောကနန္ဒာဘုရားကိုငေးရင်း ၎င်းကပြောသည်။ 

ဧရာဝတီမြစ်ဘေးရှိလောကနန္ဒဘုရားကိုတိုက်စားနေသည့် ရေလမ်းကြောင်းပြောင်းလဲနိုင်ရန် ဘုရားအနီးပေ(၁,ဝဝဝ)ခန့်အကွာတွင် ထန်းလုံးများကိုအသုံးပြုထားသည့် ရေကာရှိနေသည်။ 

“ဧရာဝတီမြစ်နဲ့ရေတိုက်စားခံရတဲ့ ကျေးရွာတွေကိုကာကွယ်ဖို့ကလွဲရင် ကျွန်တော် ထန်းပင်တွေကိုခုတ်မှာမဟုတ်ပါဘူး”ဟု၎င်းက တိုးညှင်းစွာပြောသည်။ 

မကွေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ် ရေလမ်းကြောင်းကောင်းမွန်ရေးစီမံကိန်းတာဝန်ရှိသူအကြီးတန်းအင်ဂျင်နီယာဦးဇော်လွင်ကဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ရေကာများ ပြုလုပ်ရန်အတွက် ထန်းလုံးများကိုအသုံးပြုနေရသည်ဟုပြောသည်။ 

၎င်းတို့၏ ဒေသကြီးတွင် မြစ်ကြောင်းတစ်လျှောက် ကမ်းပါးပြိုကျမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ၂ဝ၁၇ မတ်လမှ၂ဝ၁၈ဧပြီလအထိထန်းပင်ပေါင်း ၃,၅ဝဝကိုအသုံးပြုခဲ့သည်ဟုဆိုသည်။ 

“ဧရာဝတီမြစ်ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် သုံးတာပါ။  သူများနိုင်ငံကတော့ ကွန်ကရိတိုင်ကြီးတွေနဲ့ ချကြတာ။  ကျွန်တော်တို့ကတော့ မတတ်နိုင်ဘူး။  စျေးသက်သက်သာသာနဲ့ ရနိုင်တာမျိုးကိုစဉ်းစားရတာပါ”ဟု၎င်းကပြောသည်။ 

ထန်းလုံးတိုင်သည် မျောတိုင်ထက်ပိုမိုအသုံးတည့်သည်ဟုဆိုသည်။ ရေနက်ပိုင်းနေရာများတွင်ထန်းလုံးတို့ကသာပိုမိုအသုံးတည့်သည်ဟု ၎င်းကဆက်ပြောသည်။ 

ဧရာဝတီမြစ် ဖြတ်သန်းသွားရာမကွေး၊ မန္တလေး၊ စစ်ကိုင်းစသည့် တိုင်းဒေသကြီးများတွင်  ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန၏ ဧရာဝတီမြစ်ရေလမ်းကြောင်းကောင်းမွန်ရေးစီမံကိန်းများရှိနေသည်။

ထန်းပင် ရောင်းထုတ်ခြင်း

အညာဒေသတွင် ထန်းသမားများရှားပါးလားသည်မှာဆယ်စုနှစ်တခုပင် ကျော်လာပြီဖြစ်သည််။  နံနက်မိုးလင်းမှညမိုးချုပ်ထိအိမ်ရှိ လူကုန်လုပ်ကိုင်ရခြင်း၊ လုပ်အားနှင့်လုပ်ခမမျှတခြင်း၊ အခြားရွေးချယ်စရာအလုပ်အကိုင် အခွင့်အလမ်းများပေါများလာခြင်းတို့သည် ထန်းလုပ်ငန်းမျိုးဆက်ထိန်းသိမ်းရေးကိုဆက်လက် တွန်းအားမပေးတော့သည် အရာများဖြစ်သည်။ 

ထန်းတက်သမားရှားပါးလာခြင်း၏အကျိုးဆက်ကိုထန်းလျက်စျေးကွက် ကြီးထွားခဲ့ရာကျောက်ပန်းတောင်းမြို့တွင် ထင်ထင်ရှားရှားတွေ့နိုင်သည်။ ၎င်းမှာတိတ်ဆိတ်ခြောက်သွေ့နေသည့် ထန်းလျက်ပွဲရုံများပင်။ 

ကျောက်ပန်းတောင်းမှ ဦးမင်းသူကသူ၏ ထန်းလျက်ပွဲရုံလုပ်ငန်းရပ်တန့်ရမည့် အချိန်ကိုစောင့်မျှော်နေသူဖြစ်သည်။ 

“တစ်နှစ်ထက်တစ်နှစ် ထန်းလျက်လုပ်ငန်းကဆုတ်ယုတ်နေတယ်။  ထန်းသမားအလာနည်းသွားတယ်။   ပွဲရုံပါနည်းသွားတယ်”ဟုဇမ္ဗူဖြိုးပွဲရုံပိုင်ရှင် ဦးမင်းသူကပြောသည်။  

“မနှစ်ကဆိုရင် တစ်နေ့ကိုပိသာထောင်ကျော်လောက်ဝင်တယ်။  ခုကတစ်နေ့ကိုထန်းလျက် ပိသာချိန် ၅ဝဝ တောင်မှပုံမှန်မရှိတော့ဘူး”ဟု၎င်းကဆိုသည်။ 

တငကန် ကျေးရွာအုပ်စုမှ ဦးမောင်ခင်မှာထန်းတက်သမားရှားပါးမှုကြောင့် ထန်းပင် တစ်ရာကျောက် ရောင်းချထားသူဖြစ်သည်။ 

မိတ်ဆွေတချို့ အပ်နှံထားသဖြင့် ရောင်းထုတ်ပေးရမည့် အပင်အရေအတွက် ၄ဝဝ ကျော်ရှိသေးသည်။ 

“ရောင်းလိုက်တာက ၁၃ဝလောက်ရှိတယ်။  တစ်ပင် (ကျပ်) ၅,ဝဝဝ ရတယ်။   သက်တမ်းရင့်တဲ့ အပင်မြင့်တွေပဲ။      အဲဒီအပင်ကဘာမှ လုပ်တာမဟုတ်ဘူး။  အငှားလည်းချမရဘူး။  တက်မယ့်လူမှ မရှိတာ။  ဒီရွာမှာကထန်းလှီးမယ့်သူလေးယောက်ပဲရှိတယ်”ဟုရွာတန်းရှည်ရွာတွင် တွေ့ဆုံစဉ် ဦးမောင်ခင်ကပြောသည်။  

ထန်းပင်များရောင်းချရသည့် အခြားအကြောင်းအရင်းများမှာလောင်းရိပ်ကျခြင်း၊ ထန်းတောအတွင်းကျက်စားသည့် တိရိစ္ဆာန်များကြောင့် သီးနှံ ပျက်စီးခြင်း၊ ယာခင်းအလယ်ရှိ ထန်းပင်ကစိုက်ပျိုးရေးလုပ်ငန်းကို အဟန့်အတား ဖြစ်စေခြင်းတို့လည်း ပါဝင်သည်။ 

ကျောက်ပန်းတောင်းမှ မိုင် ၁ဝဝ ခန့်ဝေးသည့်  ရမည်းသင်းမြို့နယ်တွင် စပျစ်ခြံစိုက်သူဦးမိုးအောင်ကသူ၏ ထန်းပင် ၅ဝ ခန့်ကြောင့် စပျစ်ခင်းလောင်းရိပ်မိနေသည်ဟုဆိုသည်။

သတ်မှတ်ထားသည့် ပိသာချိန်အတိုင်းစပျစ်သီးထွက်မလာသည့်အခါ သူကထန်းပင်ကိုအပြစ်မြင်လာသည်။

“ထန်းတက်မယ့်သူကလည်းမရှိဘဲအပိုကြီးဖြစ်နေတာ။  အဲဒီအပြင် စပျစ်ခင်းကိုပဲလောင်းရိပ်ကျနေတယ် ဆိုတော့ ခုတ်လှဲလိုက်ရတော့တာပေါ့”ဟုအလယ်ကုန်းကျေးရွာအုပ်စုမှ ဦးမိုးအောင်ကပြောသည်။ 

ပိုင်ရှင်များကထန်းသမားတို့ မတက်ဝံ့တော့သည့် ထန်းပင်များကိုလည်းရောင်းချကြသည်။ 

ကျောက်ပန်းတောင်း၊ အင်တောကျယ်ကျေးရွာမှ ဦးသိန်းမြင့်က ၎င်းပိုင် ထန်းတောအတွင်းရှိအပင်မြင့်၂ဝခန့်ကိုရောင်းချခဲ့သည်ဟုပြောသည်။  မလေးရှားအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်သူများထဲတွင် ထန်းသမားတို့လည်းပါဝင်သည်ဟုဆိုသည်။

“လှီးမယ့်သူ(ထန်းတက်မည့်သူ)မရှိတော့ရောင်းလိုက်ရတယ်။   နှမျောလည်းဘာတက်နိုင်ပါ့မလဲ။  ဒီရွာကထန်းသမားကတစ်ယောက်မှ မရှိတော့ဘူး။  မလေး (မလေးရှား) ချည်းပဲတက်ကုန်ကြတာ”ဟုပြောသည်။ 

အဖြေရှာခြင်း

အညာဒေသထန်းပင်၊ မန်ကျည်းပင်ကြီးများကိုထင်း၊ သစ်ကုန်ကြမ်းနှင့် အမွှေးတိုင်လုပ်ငန်းအတွက် စတေးနေခြင်းမှာဒေသအတွက် အန္တရာယ်ကြီးသည်ဟုဆောင်းပါးရှင်တစ်ဦးကကြေးမုံသတင်းစာတွင် ဇွန် ၃ ရက်နေ့ကရေးသားထားသည်။

"ထန်းပင်များနှင့် သစ်ပင်ကြီးများတရားလွန် ခုတ်လှဲနေသည်ကိုမတားဆီးနိုင်ပါကနောင်တစ်ချိန်တွင် အညာဒေသသည် သဲကန္တာရကြီး ဖြစ်သွားနိုင်ပါသည်" ဟုဆောင်းပါးရှင် ဝင်းချစ် (အမျိုးသားစာပေဆုရ) က သတိပေးထားသည်။

ကျောက်ပန်းတောင်းအခြေစိုက်တော်ဝင်ထန်းအဖွဲ့သည် ထန်းပင်အများအပြားခုတ်လှဲနေသည့် အခြေအနေကိုပြောင်းလဲရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်းများထဲတွင် ပါဝင်သည်။

"ထန်းပင်များဟာတစ်ပင်လုံးအသုံးဝင်ပြီးအညာရဲ့မိရိုးဖလာသယံဇာတဖြစ်ပါတယ်" ဟုအဖွဲ့၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယနေ့အချိန်တွင် ထန်းပင်များခုတ်လှဲခြင်းကြောင့် နောင်တစ်ချိန်တွင် နောင်တရနေကြမည်ဟုထိုအဖွဲ့က သတိပေးထားသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ သဘာဝပတ်ဝန်းကျင် ကော်မတီဥက္ကဋ္ဌဦးအေးခိုင်က၎င်း၏ မဲဆန္ဒနယ်ရှိထန်းသမားတို့ဘဝတိုးတက်ဖွံ့ဖြိုးရန်နှင့်သဘာဝပတ်ဝန်းကျင် မပျက်စီးရန် ဟူသောအချက် နှစ်ချက်လုံးတစ်ချိန်တည်းတွင် ပြည့်စုံရေးမှာလွယ်ကူမည်မဟုတ်ဟုဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းတချို့ကထန်းတောင်သူတို့တိုးတက်ဖွံ့ဖြိုးရန်အတွက် ချေးငွေထုတ်ပေးခြင်း၊   ဦးထုပ်၊ ကုလားထိုင် စသည့်ထန်းပင်ထွက်ကုန်ပစ္စည်းထုတ်လုပ်နည်းပညာများပို့ချနေသည်။

“အဖွဲ့အစည်းတွေကတော့ ခဏခဏလာနေကြတာပဲ။  သင်တန်းပေးတာတို့ဟောပြောပွဲတွေလုပ်တာတို့ပေါ့။  ဒါပေမယ့် ထန်းသမားတွေရဲ့ ကုန်ထုတ်ပစ္စည်းတွေရဲ့ တန်ဖိုးကို မြှင့်တင်အောင် မစွမ်းဆောင်ပေးနိုင်သ၍ မရဘူးဗျ၊ မရဘူး”ဟု၎င်းကပြောသည်။ 

လွန်ခဲ့သည့်နှစ်ကလည်းထန်းရည်မှ သကြားထုတ်သည့်လုပ်ငန်းကိုကျောက်ပန်းတောင်းတွင် တည်ထောင်ရန် ဦးအေးခိုင် ကြိုးစားခဲ့ဖူးသည်။ထန်းရည်မှ သကြားထွက်သည့် အဆင့်ထိရောက်ရန် ပေးရမည့်အချိန်နှင့်ငွေကြေးများလွန်းနေသည်ဟုသူကဆိုသည်။ 

ထန်းသမားများ၏ လက်တွေ့ဘဝကိုဖြေရှင်ပေးရန်မှာထန်းလျက်စျေးကွက် မြင့်တက်လာဖို့ကိုမျှော်လင့်ရန်သာရှိသည်ဟုကျောက်ပန်းတောင်းဒေသခံဒီချုပ်အမတ်ဦးအေးခိုင်ကတော့ ခိုင်ခိုင်မာမာယူဆနေသည်။ 

ထန်းသမားများဘဝဖွံ့ဖြိုးတိုးတက်ရန် သင်တန်းပို့ချနေသည့် အဖွဲ့များ၊ ထန်းပင်ခုတ်သူများ၊ ထန်းပင်ရောင်းသူများ၊ ထန်းပင်ခုတ်ခြင်းကိုဆန့်ကျင်သည့်အဖွဲ့တချို့ရောက်လာကြသည့်ကျောက်ပန်းတောင်းမြို့အနီး မန္တလေး-ညောင်ဦးကားလမ်းနံဘေးရှိအုံ့အုံ့ဆိုင်းဆိုင်းထန်းတောထဲတွင်တော့ တံခါးကြီးကျေးရွာသားကိုအောင်ဆန်းတို့ မိသားစုကတော့ ပုံမှန်အတိုင်းပင် လှုပ်ရှားနေကြသည်။ 

ကိုအောင်ဆန်းကမိဘ၊ ဘိုး၊ ဘွားပိုင် ထန်းပင်များကိုရောင်းချရန် စိတ်ကူးမရှိ။  သို့သော်လည်းသား၊ သမီးများ ၎င်းကဲ့သို့ ဆင်းရဲမည်ကိုစိုးရိမ်သည်။ ထန်းသမားဘဝကအသက်အန္တရာယ်နှင့် နေ့စဉ် နီးစပ်နေသည်ဟုလည်း ၎င်းက သတ်မှတ်ထားသည်။ 

“ဆင်းရဲလွန်းလို့ကိုကိုယ့်သားသမီးကိုဒီပညာကိုမသင်ပေးတာ။  သား၊ သမီးကဒီထန်းအလုပ်ကိုလုပ်ချင်တယ်ဆိုလည်းမလုပ်ခိုင်းဘူး။  တခြားအလုပ်လုပ်ခိုင်းမယ်”ဟုပြောလိုက်သည့် ထန်းသမား၏ အသံကအုံ့ဆိုင်းနေသည့် ထန်းတောထဲမှ ထွက်ပေါ်လာလေသည်။     ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly