မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းပြီးချိန်အထိ ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက်ထားရှိမည်ဟု ထရမ့် ပြော

မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းပြီးချိန်အထိ ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက်ထားရှိမည်ဟု ထရမ့် ပြော

မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ယင်းနိုင်ငံအစိုးရက ပေးထားသည့် ကတိဖြစ်သော နျူကလီးယားဖျက်သိမ်းမှုကို အကောင်အထည်ဖော်သည့်အချိန်ထိ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၂ ရက်တွင် ပြောသည်။

“နျူကလီးယား ကင်းမဲ့မှုကို ကျွန်တော်တို့ သေချာတဲ့အချိန်မှ ဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းမှာ ဖြစ်ပါတယ်။”ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နှင့် ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးတွင် မြောက်ကိုရီးယားက နျူကလီးယားဖျက်သိမ်းရေးကို ထပ်မံကတိခံခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်သိုက်က ကြီးမားကြောင်း၊ အလုံးစုံဖျက်သိမ်းရေးအတွက် အချိန်ကြာကြာ ယူရလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ဝန်ခံပြောကြားသည်။

ကင်ဂျုံးအွန်နှင့် ထရမ့်တို့သည် အစည်းအဝေးတွင် သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ထိုသဘောတူညီမှုတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး သတ်မှတ်ရေး မပါရှိသကဲ့သို့ အိမ်ဖြူတော်က အစည်းအဝေးမတိုင်မီ လိုလားတောင်းဆိုထားသော အလုံးစုံ အတည်ပြု ယုံထားနိုင်သော နျူကလီးယားဖျက်သိမ်းရေး အချက်အလက်လည်း မပါဝင်ပေ။

ထိုသို့သော အသေးစိတ်အချက်အလက်များအထိပါ လုပ်ဆောင်ရန်မှာ အချိန်မရ၍ ဖြစ်ကြောင်း ထရမ့်က ရှင်းလင်းပြောကြားသည်။

“ဒီမှာ တစ်ရက်တည်း နေဖို့ အချိန်ရတော့တယ်။ ဒါပေမယ့် လုပ်ငန်းစဉ်ကတော့ စတင်ဖော်ဆောင်လိုက်နိုင်တာပဲ ဖြစ်တယ်။”ဟု ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly