ကော့ကရိတ် ဖြူစင်သန့်ရွှေဆိုင် သေနတ်ဖြင့် အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

ကော့ကရိတ် ဖြူစင်သန့်ရွှေဆိုင် သေနတ်ဖြင့် အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

ဇွန်လ ၁၂ ၊ ကော့ကရိတ် ။           ။ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့၊ နေ့လည် ၁ နာရီက ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့ ဖြူစင်သန့်ရွှေဆိုင် သေနတ်ဖြင့် အနုကြမ်းစီးခဲ့မှုတွင် ယနေ့ ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

အခင်းဖြစ်သည့်နေ့မှစ၍ ကော့ကရိတ်ခရိုင်ဒု ရဲမှူးကြီး လင်းထွဋ္ဋ်မြင့်၊ မြို့မစခန်းမှူးဒုရဲမှူး ထူးအောင်ရွှေ၊ ခရိုင် ရဲဒန ရဲအုပ်သန်းထိုက်အောင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ တို့ ကျူးလွန်သူ သွားလာသော လမ်းကြောင်းအား အပူတပြင်းစုံစမ်းခဲ့ကြသည်၊

ယနေ့တွင် သတင်းအရ  ကော့ကမာကျေးရွာရှိ တရားခံဦးလေးတော်သူ ဦးထွန်းလွင်နေအိမ်သို့သွားရောက်ကာ ကျူးလွန်သူ အလား(ခ) ကျင်ဦး(ခ)ဆိပ်ဖူးကုန်း(ခ) အောင်ကျင်သိန်း အား သက်သေခံ .၂၂ဆုံလည် ခြောက်လုံးပြူး တစ်လက်၊ ၄င်းကျည် (၈၅)တောင့် ကျည်ခွံတစ်ခု၊Wave 110 ဆိုင်ကယ်၊ ဆိုင်ကယ်ဦးထုပ်၊ အဝါရောင်မိုးကာ၊ အနက်ရောင်ဂျင်းဘောင်ဘီ၊ ဓါးမြှောင်တစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။

အောင်ကျင်သိန်းမှာ ဆိပ်ဖူးကုန်းရွာသားဖြစ်ပြီး ဇနီးနန်းဥမ္မာခင်နှင့်အတူ လွန်ခဲ့သော ၁၀နှစ်ခန့်မှစ၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်အလုပ်လုပ်ကိုင်ခဲ့သည်။ လွန်ခဲ့သော ၁နှစ်ကျော်တွင် ဇနီးဖြစ်သူက ဆိပ်ဖူးကုန်းရွာသို့ ပြန်လာခဲ့ပြီး နေအိမ်အသစ်ဆောက်လုပ်နေထိုင်ခဲ့သည်။ သေနတ်ကို လွန်ခဲ့သော ၁နှစ်ခန့်က ဘန်ကောက်မှဝယ်လာခဲ့ပြီး လူမနေသောဘေးအိမ်အောက်ဘက်သစ်ပုံတွင် အဝတ်နှင့်ထုပ် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကျူးလွန်သူ အောင်ကျင်သိန်းသည် ဘီလိယက် ၀ါသနာကြီးပြီး လောင်းကြေးကြီးများဖြင့် ဘိလိယက် ထိုးကြောင်း၊ လောင်းကစားလည်း အလွန်အကြူးကစားကြောင်း၊ ဘိလိယက်လောင်းကစားကြောင်း သိန်း ၂၀၀ ခန့်အကြွေးတင်နေကြောင်းသိရကာ ထို့ကြောင့် ငွေလိုအပ်ပြီး သေနတ်လည်းအဆင်သင့်ရှိသောကြောင့် ယခုကဲ့သို့ အနုကြမ်းစီးမှုကို ကျူးလွန်ရခြင်းဖြစ်ကြောင်း တာဝန်ရှိရဲတစ်ဦးက သုံးသပ်သည်။

ဖြစ်စဉ်မှာ ဇွန် ၁ဝ ရက် မွန်းလွဲ ၁ နာရီ ၃၄ မိနစ်က ကော့ကရိတ်မြို့ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဖြူစင်သန့်ရတနာရွှေဆိုင်သို့  လာရောက်လုယက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်၏ ဇနီး ဖြစ်သူအား သေနတ်ဖြင့်ပစ်ကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အလား(ခ)ကျင်ဦး(ခ)ဆိပ်ဖူးကုန်း(ခ)အောင်ကျင်သိန်း၊ ၃၁နှစ်၊ (ဘ)ဦးသောင်းကြိုင်၊ ကရင်/ဗုဒ္ဓ၊ကျဘမ်း၊ကျောင်းမနေ၊ ဆိပ်ဖူးကုန်းကျေးရွာ၊ ကော့ကရိတ်မြို့နယ်နေသူအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးပြီး ဖြောင့်ချက်နှင့် ချုပ်ရက်ရမန်ယူရန် ရဲတပ်ဖွဲ့မှ စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly