ဂျာမန်ယဉ်ကျေးမှုနှင့်ပညာရေးကို လေ့လာနိုင်ရန် သမိုင်းဝင် Gothe စံအိမ်ဖွင့်လှစ်

ဂျာမန်ယဉ်ကျေးမှုနှင့်ပညာရေးကို လေ့လာနိုင်ရန် သမိုင်းဝင် Gothe စံအိမ်ဖွင့်လှစ်

ရန်ကုန်၊ ဇွန်လ ၁၁ရက် ။             ။ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတွင်တည်ရှိသော သမိုင်းဝင်စံအိမ်ကို ဂျာမနီ အနုပညာ၊ ယဉ်ကျေးမှုနှင့် ပညာရေးလေ့လာမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ပြန်လည်ပြုပြင်ကာ ဂျာမနီနိုင်ငံ Gothe-Institut က ရန်ကုန်အခြေစိုက်နေရာအဖြစ် ဇွန်လ ၁၁ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့သည်။

ပြန်လည်ပြုပြင်ထားသော Gothe စံအိမ်တွင် စာကြည့်တိုက်၊ ပွဲခန်းမနှင့် ကော်ဖီဆိုင်တို့ ပါရှိပြီး ဘာသာစကား သင်တန်းများနှင့် စာကြည့်တိုက်တွင်လာရောက်လေ့လာနိုင်ပြီး အနုပညာ၊ ယဉ်ကျေးမှုများကို ကြံုတွေ့ နိုင်သောနေရာတစ်ခုအဖြစ် ရည်ရွယ်ထားသည်။

၄င်းစံအိမ်နှင့်ပတ်သတ်၍ ဇွန်လ ၁၁ရက်နေ့တွင် Gothe Institut က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယခုစံအိမ်ကို Gothe-Institut ၏ ရန်ကုန်အခြေစိုက်နေရာအဖြစ် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ လက်ထက်တွင် ကမ်းလှမ်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီိ၌ အဆောက်အဦ ဖွင့်လှစ်ခြင်း အခမ်းအနားကို ဂျာမနီနိုင်ငံသမ္မတ Joachim Gauck က တက်ရောက်ခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်၍ Tokyo Enterprise ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းများစတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မေလတွင် အပြီးသတ်ခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ အနာဂါတ်အတွက်ဒါဟာ အခွင့်အလမ်းကောင်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အခုဒီဟာမျိုးကိုဖြစ်အောင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့တွေရှိပါတယ်။ အထူးသဖြင့် Mr Xaver Augustin (Gothe Institut ၏ ညွှန်ကြားရေးမှူး)ပါ။ သူကတော့ သူရဲ့မျှော်လင့်မှုကို အကောင်အထည်ဖော်အောင် ဆောင်ရွက်ပေးခဲ့လို့ အခုလိုမျိုးဖြစ်တာခင်ဗျ" ဟု Gothe-Institut ၏ ဥက္ကဌ Prof Klaus-Dieter Lehmann က ပြောသည်။

Gothe စံအိမ်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် ဇွန်လ ၁၂ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၅နာရီအထိ အမှောင်နောက်ကွယ်မှတီးတိုးသံများ ဓာတ်ပုံပြပွဲ၊ ဇွန်လ ၁၂ရက်နေ့နှင့် ဇွန်လ ၁၃ရက်နေ့ ညနေ ၆နာရီခွဲအချိန်တွင် မြဂနိုင် (အသံတိတ်ရုပ်ရှင်) ပြပွဲ၊ ဇွန်လ ၁၆ ရက်နေ့ ည ၈နာရီတွင် Berlin Club Night ပွဲ တို့ကို ကျင်းပသွားရန် စီစဉ်ထားသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်း၌ Gothe-Institut ရုံးပေါင်း ၁၆၀ ရှိနေပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် အရှေ့တောင်အာရှ၏ ဂျာမန်ယဉ်ကျေးမှုဗဟိုဌာနအဖြစ် ၁၉၅၉ ခုနှစ်၌ ဖွင့်လှစ်ခဲ့ဖူးသော်လည်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိတ်သိမ်းခံခဲ့ရသည်။

"ကျွန်မတို့အနေနဲ့တွေးတာ အစိုးရက ယဉ်ကျေးမှုမူဝါဒတွေကို အများကြီးဝင်ဆောင်ရွက်ရင် ယဉ်ကျေးမှု ဆိုင်ရာမူဝါဒတွေက ပုံသေကြီးဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်" ဟု မြန်မာနို်င်ငံဆိုင်ရာ ဂျာမနီသံအမတ် Dorothee Janetzke-Wenzel က ပြောသည်။

Gothe စံအိမ်သည် ၁၉၂၀ ပြည့်နှစ်လွန်များတွင် ရန်ကုန်မြို့၌ပေါ်ပေါက်ခဲ့သော ပုဂ္ဂလိကစံအိမ်များထဲမှ တစ်ခုဖြစ်ပြီး ၄င်းစံအိမ်ကို တည်ဆောက်ခဲ့သူမှာ ဥရောပနိုင်ငံသားတစ်ဦးဖြစ်ကြောင်း စံအိမ်အဝင်ဝရှိ အမှတ်တံဆိပ်အရ သိနိုင်သည်။

၁၉၄၅ ခုနှစ်အစောပိုင်းတွင် ၄င်းစံအိမ်ကို ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့ချုပ်ကြီး၏ ဌာနချုပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ကြေညာခဲ့သည်။ ၁၉၄၇ ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံမခံရစဉ်အထိ အဆိုပါစံအိမ်တွင် အရေးပါသည့် ဆွေးနွေးပွဲများ၊ ကိုလိုနီအစိုးရထံသို့ လွတ်လပ်ရေးတောင်ဆိုရန်ဆုံးဖြတ်သည့် ကွန်းဖရင့်များ ကျင်းပခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။

လွတ်လပ်ရေးမရခင် ကာလများတွင် မြန်မာနိုင်ငံ၏ပထမဦးဆုံးဝန်ကြီးချုပ် ဦးနုနှင့် မိသားစုသည် ၄င်းစံအိမ်တွင် နေထိုင်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီးစ ကာလများတွင် ၄င်းနေရာကို အနုပညာအထက်တန်း ကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အနုပညာသင်ခန်းစာများ ပို့ချခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အနုပညာအထက်တန်းကျောင်းကို ပြောင်းရွေ့ဖွင့်လှစ်ခဲ့ရာ အနုပညာပြပွဲများပြသရန် အဆိုပါစံအိမ်ကို အသုံးပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required