သက်သေခံများထဲတွင် တပ်မတော်နှင့်ပတ်သက်၍ လက်ရှိချိန်ထိ တစ်ခုမှပါရှိခြင်းမရှိဟု ရိုက်တာသတင်းထောက်များ၏ ရှေ့နေပြော

သက်သေခံများထဲတွင် တပ်မတော်နှင့်ပတ်သက်၍ လက်ရှိချိန်ထိ တစ်ခုမှပါရှိခြင်းမရှိဟု ရိုက်တာသတင်းထောက်များ၏ ရှေ့နေပြော

 

ရန်ကုန်၊ ဇွန်လ ၁၂ ။                ။ နိုင်ငံတော်လျှို့ဝှက်ချက်များဥပဒေဖြင့် ဖမ်းဆီးတရားစွဲတင်စစ်ဆေးနေသည့် ရိုက်တာသတင်းထောက်နှစ်ဦး အမှုနှင့်ပတ်သက်ပြီး လက်ရှိချိန်ထိ တင်သွင်းထားသော သက်သေခံများတွင် တပ်မတော်၏ အနာဂတ် အစီအစဉ်များ၊ လက်နက်ကိုင်များ၏ တိုက်ပွဲစီမံချက်များ တစ်ခုမှ ပါရှိခြင်းမရှိသေးကြောင်း ရိုက်တာသတင်း ထောက်နှစ်ဦးဘက်မှ ဆောင်ရွက်ပေးနေသူ ရှေ့နေက ပြောသည်။

“ နိုင်ငံတော် လျှို့ဝှက်ချက်မြောက်နေလားဆိုတော့ ဒီဟာတွေက တပ်ရဲ့ အနာဂတ်အစီအစဉ်တစ်ခုမှ မပါဘူး။ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲစီမံချက်တွေ တစ်ခုမှမပါဘူး။ ခုချိန်ထိ လုံးဝ ငြိစွန်းချက်မရှိဘူး။ အဲ့ဒီတော့ ရုံးမှာ တင်သွင်းထားတဲ့ စာရွက်စာတမ်းတွေ၊ ဖုန်းထဲကတွေ့ရှိတဲ့ စာရွက်စာတမ်းတွေကို ခုနက ပြောသလို တစ်ချို့ဆိုရင် ဖုန်းထဲက ထုတ်တဲ့ဟာတွေဆိုရင် လုံးဝ ပွင့်ပွင့်လင်းလင်းလုပ်နေတဲ့ ကိစ္စ။ ဒါကို ရုံးတော်မှာ ထိပ်တန်းလျှို့ဝှက်ချက်ပါ၊ လျှို့ဝှက်ချက်ပါလို့ တသွင်သွင်ပြောပြီးတော့ သက်သေခံသွင်းခဲ့တာ”ဟု သတင်း ထောက်နှစ်ဦးဘက်မှ   ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ရိုက်တာသတင်းထောက်နှစ်ဦးအား စတင်ဖမ်းဆီးခဲ့စဉ်က ၎င်းတို့နှစ်ဦးလက်ထဲတွင် ရခိုင်ပြည်နယ်နှင့် အရေး ကိစ္စနှင့် သက်ဆိုင်သည့် အရေးကြီးစာရွက်စာတမ်းအထောက်အထားများကို   တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်နေ့က ဒုရဲမှူးဟောင်း မိုးရန်နိုင်အား တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ရာတွင် သတင်းထောက်နှစ်ဦးအား ထောက်ချောက်ဆင်ဖမ်းဆီးရန် ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့ခြင်းသည်ဟု ဒုရဲမှူးဟောင်းမိုးရန်နိုင်က ထွက်ဆိုခဲ့သည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင် သက်သေအဖြစ်ထွက်ဆိုခဲ့ပြီးနောက် နေပြည်တော်နည်းပညာမှုခင်းဌာန၊ ရဲမှုခင်းတပ်ဖွဲ့ မှ နည်းပညာကျွမ်းကျင်သူ ရဲမှူးအောင်ကျော်ဆန်းဆိုသူက တရားလိုပြသက်သေအဖြစ် လာရောက်ထွက် ဆိုခဲ့ရာတွင် သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးလက်ကိုင်ဖုန်းမှ တွေ့ရှိသည့် အချက်အလက် များကို သက်သေခံအဖြစ် ရုံးတော်တွင် တင်သွင်းခဲ့သည်။

ထိုသို့ ရုံးတော်တွင် တင်သွင်းထားသောသက်သေခံများနှင့် တရားလိုပြသက်သေ ဦးရေ ၂ဝ ထိ စစ်ဆေးပြီး ချက်အရ ရုံးတော်တွင်ရှိနေသည့် အချက်အလက်များတွင် နိုင်ငံတော်လျှို့ဝှက်ချက်ဆိုသည့် တပ်မတော်၏ အနာဂတ် အစီအစဉ်များ၊ လက်နက်ကိုင်များ၏ တိုက်ပွဲစီမံချက်များနှင့် ပတ်သက်သည့် အချက်အလက်များ တစ်ခုမှ ပါရှိခြင်းမရှိသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင် ပြောပြချက်အရသိရသည်။

“ တယ်လီဖုန်းထဲက ထုတ်တဲ့ စာရွက်စာတမ်းတွေမှာဆိုရင် ဥပမာ ပုပ်ရဟန်းမင်းကြီးရဲ့ လမ်းကြောင်းပြ မြေပုံဆိုတာကို သက်သေက ဘယ်လိုပြောပြီးသွင်းလည်းဆိုတော့ ထိပ်တန်းလျှို့ဝှက်ချက်ပါ၊ လုံခြံုရေး အစီအမံပါဆိုပြီး ပြောပြီးသွင်းတယ်။ ကျွန်တော်ရုံးမှာပြန်မေးတဲ့အခါ အဲ့ဒီမြေပုံမှာ လုံခြံုရေးဆိုတဲ့ စကားလုံး တစ်လုံးမှမပါဘူး”ဟု ဦးသန်းဇော်အောင်က ပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ယနေ့ ဇွန်လ ၁၂ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရိုက်တာသတင်း ထောက် ကိုဝလုံးနှင့် ကိုကျော် စိုးဦးတို့နှစ်ဦးကို ၂၆ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး CID မှ ရဲမှူးတင်ဝင်းမောင်ကို တရားလိုပြသက်သေ အဖြစ် စစ်ဆေးရန် ချိန်းဆိုထားသော်လည်း ပြည်မြို့တွင် အရေးကြီးအမှုကိစ္စရှိနေသည့် အတွက် လာရောက်ခဲ့ခြင်းမရှိပေ။

ရိုက်တာသတင်းထောက်နှစ်ဦးကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည့်အတွက် ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် သတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရသည်မှာ ၆ လတိတိ ပြည့်ခဲ့ပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly