ဆော၊ ဇွန်လ ၁၂ ။ ။ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအနီး ကျောင်းအပြန် ချုပ်ချောင်းအားဖြတ်ကူးစဉ် ကျောင်းသား ကျောင်းသူများ နှင့် လာကြိုသူအမျိုးသမီးတစ်ဦးအပါအဝင် ရ ဦး မျောပါသွားသည့် အနက် ၂ ဦး အလောင်း အား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သီးကုန်းကျေးရွာနှင့် နှစ်မိုင်ခန့်အကွာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ကျလောင်ချောင်း ဖျားကျေးရွာမှ မူလတန်းကျောင်းသား ၄ ဦး၊ ကျောင်းသူ ၂ ဦး နှင့် ကလေးများကို လာကြိုသူ အမျိုးသမီး ၁ ဦး တို့ ဇွန် ရ ရက် နေ့ ညနေပိုင်းက သီးကုန်းကျေးရွာမှ ရွာသို့အပြန် ချုပ်ချောင်းကိုဖြတ်ကူးစဉ် ရေစီးနှင့် မျောပါသွားခဲ့ခြင်း ဖြစ်သည်။
ကနဦးအနေဖြင့် ကလေးငယ် ၃ ဦးကို အသက်ရှင်လျှက်ရှာဖွေတွေ့ရှိခဲ့ပြီး ဇွန်လ ၈ ရက်တွင် တတိယတန်း ကျောင်းသား အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦး ပျောက်ဆုံးနေခြင်း ဖြစ်သည်။
ထို့နောက် ဇွန်လ ၈ ရက် ည ရ နာရီ ၁၀ မိနစ်က ဆောမြို့နှင့် ၁၂ မိုင်ခန့် ကျင်းလိန်ကျေးရွာနဲ့ ၂ မိုင်ခန့်အကွာ ဆောချောင်းနားဘေး သဲသောင်ပြင်တွင် ပျောက်ဆုံးနေသူ အသက် ၅၀ နှစ်အရွယ် ဒေါ်လေးထုန် အလောင်းအား တွေ့ရှိခဲ့သည်။
ဆောမြို့နယ် သီးကုန်းကျေးရွာ၏အနောက်ဘက် ၂ မိုင်ခန့်အကွာ ချုပ်ချောင်းအတွင်း သဲကျောက်သောင်ပြင် ကိုင်းတောအနီးတွင် ရေတွင်မျောပါသွားသည့် အသက် ၅ နှစ် KG ကျောင်းသူ မလှူးလိန်းအလောင်းအား ဇွန်လ ၁၁ ရက် နံနက် ရ နာရီခန့်က တွေ့ရှိကြောင်း သိရသည်။
ကျန်ရှိနေသေးသည့် တတိယတန်းကျောင်းသားမောင်ထုံလိန်း(သ) ၈ နှစ်အား ဆက်လက်ရှာဖွေလျှက်ရှိ ကြောင်းသိရသည်။