ကမ္ဘာ့ဖလားပြိုင်ပွဲကို ထူးခြားတဲ့ပုံစံနဲ့အားပေးမယ့် နီပေါပရိသတ်

ကမ္ဘာ့ဖလားပြိုင်ပွဲကို ထူးခြားတဲ့ပုံစံနဲ့အားပေးမယ့် နီပေါပရိသတ်

 

ဇွန် ၁၂၊ ခတ်မန်ဒူ။         ။ မကြာခင်မှာစတင်တော့မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ အထူးစိတ်ဝင်စားနေကြပြီး ကိုယ်နှစ်သက်ရာအသင်းနဲ့ ကစားသမားတွေကို ပုံစံအမျိုးမျိုးနဲ့ အားပေးဖို့ပြင်ဆင်နေကြပါတယ်။

ပြိုင်ပွဲစတင်ဖို့ရက်ပိုင်းအလိုမှာ နီပေါနိုင်ငံ ခတ်မန်ဒူက အသက် ၁၉ နှစ်အရွယ် ဂျီဗန်ဂီရိဟာ သူ့ရဲ့အားပေးမှုပုံစံကို ပြသဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဂျာစီဝတ်တာ၊ မျက်နှာဆေးခြယ်ပြီးအားပေးတာနဲ့တင် အားမရတဲ့ ဂျီဗန်ဟာ သူရဲ့ခေါင်းအနောက်ဖက်က ဆံပင်ကို ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ နာမည်ရေးထိုး ပုံဖော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူဖြစ်စေချင်တဲ့အတိုင်း ဆံသဆရာကလည်း အတိအကျပုံဖော်ပေးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဆုငါးကြိမ်ရ စီရော်နယ်ဒိုရဲ့ နာမည်ကို ပုံဖော်ဖို့ ဆံပင်ညှပ်ခကတော့ နီပေါရူပီး ၅၀၀ (ကန်ဒေါ်လာ ၅ ဒေါ်လာဝန်းကျင်) ကျသင့်ပါတယ်။

ဘောလုံးအားကစားမှာ နီပေါလက်ရွေးစင်အသင်းရဲ့ အဆင့်ကမမြင့်မားပေမယ့်လည်း နိုင်ငံတွင်းမှာဘောလုံးကို အားပေးမှုက ခရစ်ကတ်နဲ့ ဘောလီဘောပြီးရင် အမြင့်ဆုံးဖြစ်ပါတယ်။

နီပေါပရိသတ်တွေဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲလို နိုင်ငံတကာပြိုင်ပွဲကြီးတွေကိုလည်း အားပေးလေ့ရှိကြပြီး အထူးသဖြင့် မိမိတို့နှစ်သက်ရာ စူပါကြယ်ပွင့်တွေပါဝင်တဲ့ အသင်းတွေကို အားပေးတတ်ကြတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဇွန် ၁၄ ရက်မှာ စတင်ကျင်းပတော့မှာဖြစ်ပြီး အဲဒီနေ့မှာ အိမ်ရှင်ရုရှအသင်းနဲ့ ဆော်ဒီအာရေဗျအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Ref; epa-efe

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly