ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နိုင် ၊ မုတ်သုံလေ အားအလွန်ကောင်းနေ

ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နိုင် ၊ မုတ်သုံလေ အားအလွန်ကောင်းနေ

 

ရန်ကုန် ၊ ဇွန် ၁၂ ။                        ။ ဘင်္ဂလားပင်လယ်အော်၌ လေထုမငြိမ်မသက်မှုများ ဖြစ်နေပြီး လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်လာ နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။

“ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့မြောက်ပိုင်းတို့တွင်လေထုမငြိမ်မသက်ဖြစ်နေပြီး လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ဦးထွန်းလွင်က သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဇွန်လ ၁၂ ရက်နေ့က ရေးသားထားသည်။

တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး  နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး (အထက်ပိုင်း) ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကရင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေ အားအလွန်ကောင်းနေပြီး မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးမည်ဖြစ်ကာ လှိုင်းအမြင့် (၈) ပေ မှ (၁၃) ပေခန့်အထိ ရှိနိုင်မည်ဟု ဦးထွန်းလွင်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required