ပျောက်ဆုံးနေသော ဥပဒေတတိယနှစ်ကျောင်းသူအား ၁၂ရက်ကြာထိ မတွေ့ရှိသေး

ပျောက်ဆုံးနေသော ဥပဒေတတိယနှစ်ကျောင်းသူအား ၁၂ရက်ကြာထိ မတွေ့ရှိသေး

ရန်ကုန်၊ ဇွန်လ ၁၂ ။              ။ ရန်ကုန်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ် စပ်ကြားရှိ သမိုင်းလမ်းဆုံအနီးတစ်ဝိုက်တွင် ပျောက်ဆုံးနေသူ မိန်း ကလေး ၄ ဦးအနက် ကျန်ရှိသည့် ဥပဒေ တတိနှစ်တက်ရောက်နေသော တက္ကသိုလ်ကျောင်းသူမှာ  ၁၂ ရက်ကြာသည်ထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း ပျောက်ဆုံးသူမိသားစုထံမှ သိရသည်။

လက်ရှိချိန်ထိ ပျောက်ဆုံးနေသူ အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင်မှာ ဥပဒေဖြင့် တက္ကသိုလ် တတိယနှစ် တက်ရောက်နေသူဖြစ်ပြီး ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့၊ ည ၈ နာရီ ၄၅ မိနစ်ခန့်က သံလမ်းမှ သမိုင်းလမ်း ဆုံဘက်သို့ အလုပ်မှပြန်လာစဉ် အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ ခုချိန်ထိ ဘာမှမထူးသေးဘူး။ ရဲစခန်းကတော့ သူတို့လုပ်ပေးနေတယ်လို့ပြောတယ်။ ရှာပေးနေတယ်ပေါ့။ သူတို့ ချိတ်ဆက်ပြီး အဆက်အသွယ်တွေနဲ့ ရှာပေးနေတယ်ပေါ့။ ပြောသံကြားတာနဲ့ သူတို့ စုံစမ်းပေးနေ တယ်ပေါ့လေ။ တခြားတော့ ဘာမှမပြောဘူး။ ဒီနေ့ထိကို  သတင်းအစလည်း ဘာမှကို မရတာ။ ဘာမှမကြား ရသေးဘူး။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် စုံစမ်းနေတုန်း”ဟု မပန်းအိအိခင်၏ ဖခင်ဖြစ်သူ ဦးထွန်း လင်းသိန်းက ဇွန်လ ၁၁ ရက်တွင်  မဇ္စျိမသို့ ပြောသည်

သမိုင်းလမ်းဆုံအနီးတဝိုက်တွင် မပန်းအိအိခင်အပါအဝင် မိန်းကလေး ၄ ဦး ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ရ ရက်နေ့၊ ည ၉ နာရီခွဲခန့်အချိန်တွင် ပျောက်ဆုံးနေသူ ၄ ဦးထဲမှ အသက် ၁၇ နှစ်အရွယ် မနေနေကျော် နှင့် မမေနဒီအောင်တို့ နှစ်ဦးကို  စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြန်လည်တွေ့ရှိခဲ့သည်။

အသက် အသက် ၁၆ နှစ် ၃ လအရွယ် မအိသိင်္ဂီကျော်ကိုလည်း ဇွန်လ ၈ ရက်နေ့၊ ညနေ ၅ နာရီခန့်အချိန်တွင် လှည်းကူးမြို့နယ်ရှိ ၎င်း၏ ဆရာမဖြစ်သူ နေအိမ်တွင် ပြန်လည်တွေ့ရှိခဲ့သည်။

ထိုသို့ ပြန်လည်တွေ့ရှိခဲ့သည့် မိန်းကလေး ၃ ဦးမှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်သည့် ဇွန်လ ၂ ရက်နေ့က သမိုင်းလမ်းဆုံအနီးပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး အုပ်ထိန်းသူများပြောပြချက်အရ မိဘများကဆူသဖြင့် စိတ်ဆိုးပြီး လျှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပျောက်ဆုံးခဲ့သူ မိန်းကလေး ၄ ဦးအနက် အသက် ၁၉ နှစ်အရွယ် မပန်းအိအိခင် တစ်ဦးသာ လက်ရှိချိန်ထိ တွေ့ရှိခြင်းမရှိသေးဘဲ ပျောက်ဆုံးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required