မလေးရှားသွားမည့် လူ ၁၀၀ ဦးခန့် စက်လှေနစ်မြုပ်၍ ရသေ့တောင်တွင် သောင်တင်

မလေးရှားသွားမည့် လူ ၁၀၀ ဦးခန့် စက်လှေနစ်မြုပ်၍ ရသေ့တောင်တွင် သောင်တင်
 ဓာတ်ပုံ-Global News Lights of Myanmar

ရသေ့တောင်၊ ဇွန်လ ၁၂ ရက်။                                 ။ ရာသီဥတုပြင်းထန်မှုကြောင့် စက်လှေနစ်မြုပ်၍ မလေးရှားသွားမည့် လူ ၁၀၀ ဦးခန့်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဆင်ပိုက်ကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် လာရောက် သောင်တင်လျှက်ရှိပြီး လက်ရှိအချိန်တွင် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 “ဟုတ်တယ်။ သူတို့ ရောက်တာတော့ သိရတယ်။ စိစစ်တုန်းရှိပါသေးတယ်”ဟု ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောသည်။

အဆိုပါ လူများမှာ မလေးရှားနိုင်ငံသို့သွားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အောက်ပြူးမအထက်ချောင်းဖက်မှ ဇွန်လ ၉ ရက်နေ့က စတင်ထွက်လာခဲ့ခြင်းဟု သိရပြီး ရာသီဥတုဆိုးရွားသဖြင့် ယနေ့ နံနက်က ရသေ့တောင်မြို့နယ် ဆင်ပိုက်ကျေးရွာအနီး ကမ်းစပ်သို့ အရောက်တွင် စီးနင်းလာသော လှေပေါက်ကာ သောင်တင်လာခြင်းဖြစ်ကြောင်း အနီးအနားကျေးရွာ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သောင်တင်နေသည့် လူ ၁၀၄ ဦး အနက် ကျား ၄၄ ဦး၊ မ ၆၀ ဦးခန့် ပါဝင်ပြီး အသက် ၄၀ ကျော်အရွယ် ၃ ဦး ခန့်သာပါဝင်ကာ ကျန်လူများမှာ အသက် ၂၀ နှင့် ၃၀ ကြား အသက်အရွယ်များသာ ဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးမှာ စက်လှေအကြီးတစ်စီးတည်းဖြင့် စီးနင်းလာခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

“မလေးရှားကို သွားမှာသူတို့က။ လှေတစ်စီးတည်းနဲ့ လာတာ။ မြင်းကောင်ရေအား ၅၆ လား၊ ၆၅ လား။ ၆၅ ကောင်ဆိုတော့ အကြီးကြီးပေါ့။ တစ်စီးတည်းနဲ့ ဆန့်တယ်။ လှေကို ကမ်းနားကို ထိုးလိုက်ပြီး ဆင်းလာတာလို့ သူတို့က ပြောတယ်။ သူတို့ ရွှေတွေ၊ လက်ဝက်လက်စားတွေ ဝတ်လို့ပါတယ်။”ဟု အဆိုပါနေရာသို့ သွားရောက်ခဲ့သည့် အနီးအနားကျေးရွာသား တစ်ဦးက ပြောသည်။

ဒေသခံအချို့က ထိုသို့ ဖြေဆိုကြသော်လည်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နယ်မြေရဲစခန်းတို့ကမှု သောင်တင်နေခြင်းမှာ ဟုတ်မှန်ကြောင်း ပြောဆိုသည်။ သို့ရာတွင် အရေအတွက်နှင့် အကြောင်းအရာတို့ကို အတည်မပြုသေးပါ။

လက်ရှိတွင် ၎င်းတို့စီးနင်းလာသော လှေမှာ ပျောက်ဆုံးနေသလို ၎င်းတို့အား ထိုနေရာတွင်ပင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့အပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့ကလည်း စိစစ်မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly